Thursday, April 9, 2015

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မပိုပို အဖမ်းခံရ



ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုမှ ဖမ်းဝရမ်း ထုတ်ခံရသည့် ဆန္ဒပြပွဲ ဦးဆောင်သူ ခြောက်ဦးအနက် နည်းပညာတက္ကသိုလ် ကျောင်းသူ မပိုပိုကို ဧပြီလ ၈ ရက် ညနေ ၄ နာရီက သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 
“ကမာရွတ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားလို့ အထက်ညွှန်ကြားချက်အရ ဒီနေ့ သူ့နေအိမ်မှာ သွားရောက်ဖမ်းခဲ့တာ၊ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမာရွတ်စခန်းကို မေးကြည့်ပါ၊ ဖမ်းဆီးပေးရေး တာဝန်ပဲ ဆောင်ရွက်ရတာကြောင့် ဖမ်းမိမိချင်း ကမာရွတ်ကို ချက်ချင်းလွှဲပေးခဲ့တယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကြည်လွင်က ပြောကြားသည်။

လှည်းတန်းလမ်းဆုံအနီး ပြည်လမ်းပေါ်တွင် မတ်လ ၁၀ ရက်နေ့က ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ကျောင်းသားတစ်စုက ဟံသာဝတီအဝိုင်းဘက်သို့ ချီတက်လာစဉ် Junction Square အရှေ့၌ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကိုဝင်းကျော့မှူးကို ဖမ်းမိခဲ့ပြီး ကျန်ဦးဆောင်သူများမှာ လွတ်မြောက်ခဲ့သောကြောင့် အရေးယူနိုင်ရန် ကမာရွတ်မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ကျောင်းသူ ပိုပို အပါအဝင် ကျော်ကိုကို၊ ရှိန်းရာဇာထွန်းနဲ့ ဂျိမ်းတို့ကို ဖမ်းဝရမ်း ထုတ်ခဲ့တယ်၊ နန္ဒာစစ်အောင်နဲ့ ဝင်းကျော့မှူးတို့ကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာ တရားရုံးတွေမှာ စစ်ဆေးနေတယ်၊ ပိုပိုကို ကျွန်တော်တို့ စခန်းဆီ ခုထိတော့ လွှဲအပ်ပေးခြင်း မရှိသေးပါဘူး” ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်လင်းက ဧပြီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပြောကြားသည်။

အဆိုပါ ဖမ်းဝရမ်း ထုတ်ပြန်ခံရသည့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ခြောက်ဦးကို ဆန္ဒပြသည့်ရက်က ဖမ်းဆီးအရေးယူနိုင်သော်လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် အဓမ္မဖမ်းဆီးခြင်း မပြုလုပ်ဘဲ အမှုဖွင့်ခံထားရသူများ စခန်းသို့ လာရောက်အစစ်ဆေးခံရန် ဆင့်ခေါ်စာများဖြင့် အကြောင်းကြားခဲ့ကြောင်း၊ လာရောက်အစစ်ဆေးခံခြင်း မရှိသောကြောင့် တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

1 comment:

  1. စံပြအဖြစ်လုပ်ပါ။ဘာမှမလုပ်ဘူးဆိုယင်ပိုပြီးဆိုးလာလိမ့် မယ်

    ReplyDelete