Sunday, April 12, 2015

တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သင်္ကြန်ကာလ၌ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့အမည်ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်သံချပ်ထိုးမည်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့မှ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ “ဒေါင်းတို့ မျိုးဆက် သံချပ်”အမည် ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုးသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းသို့ သံချပ်ထိုးရာတွင် ကျောင်းသားသပိတ်နှင့် ပတ်သက်သည့် သံချပ်များ၊ ပညာရေးနှင့် ပတ်သက် သည့် သံချပ်များ၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု မရှိသည့်အကြောင်းရင်းများနှင့် ပတ်သက်သည့် သံချပ်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းရင်းများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းရင်းများ စသည်တို့ကို ဦးစားပေး၍ နိုင်ငံအတွင်း အမြီးအမောက်မတည့်မှုများကို သံချပ်ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သံချပ်ဖော်ဖြေမှုကို ဧပြီ ၁၂ ရက် (ယနေ့)မှ စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားဖြင့် လှည့်လည် သံချပ်ထိုးသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄ဝ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ဆင်ဆာမတင်ဘဲ ခွင့်ပြုချက်မယူဘဲ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြောင်းအရင်းတွေကို ပြည်သူတွေသိအောင် အမှန်အတိုင်း မီးမောင်းထိုး တင်ပြသွားမှာပါ။ ကျွန်တော်တို့က ကားနဲ့လှည့်ပြီး သံချပ်ထိုးမှာဆိုတော့ လက်ရှိအချိန်ထိတော့ ဘယ်နေ ရာ၊ ဘယ်မြို့နယ်မှာ သံချပ်ထိုးမလဲလို့ မတိုင်ပင်ရသေးဘူး။ ကျွန်တော်တို့ကို ဖိတ်ကြားမှုရှိရင်လည်း ဖိတ်တဲ့ နေရာကို လာရောက်သံချပ်ထိုးသွားမှာ ဖြစ်ပါတယ်”ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူက ဧပြီ ၁၁ ရက်က ပြောကြားခဲ့သည်။

“ဒေါင်းတို့မျိုးဆက်”အဖွဲ့၏ ၂ဝ၁၅ ခု နှစ် သံချပ်စာသားအချို့မှာ “ခမောက်တစ်လုံး၊ ခွပ်ဒေါင်းလက်ပတ်၊ သပြေတစ်ခက်နဲ့ ဖိနပ်တစ်ရန် ... ခွပ်ဒေါင်းအလံကြီး လွင့်လွင့်ပျံ တို့ကျောင်းသားတွေ ချီတက်လာပြီ.. တို့ ကျောင်း သားတွေ ချီတက်လာပြီ။ ဦးခေါင်းကို သာရိုက်လို့ရမယ်... ဉာဏ်ပညာကို ရိုက်လို့ မရဘူး။ ပညာရေး ကို လက်ထိပ်ခတ်တယ်...ဉာဏ်ပညာကို လက်ထိတ်မခတ်နဲ့။ ဘာတွေ ဘယ်လို ကျပ်ကျပ်ကျပ် ... ဉာဏ်ပညာကို မကျပ်ဖို့နဲ့ ဆင်ဆာမဖြတ်ဖို့လိုတယ် လိုတယ်” စသည့်ပါဝင်ကြောင်း သိရသည်။

ယခင် ၂ဝ၁၄ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် သံချပ်အဖွဲ့ ၁ဝ ဖွဲ့ ကျော် ယှဉ်ပြိုင်ဖော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး အများပြည်သူ စိတ်ဝင်တစားအားပေးမှု များပြားခဲ့ သည်။

ယင်းကဲ့သို့ သံချပ်ယှဉ်ပြိုင်ဖော်ဖြေမှုများကို မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့၊ အနှိုင်းမဲ့ခွပ် ဒေါင်းသံချပ်အဖွဲ့၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ တန်ခူးရင်ခွင်သံချပ်အဖွဲ့၊ ပေးဆပ်သူများသံချပ်အဖွဲ့၊ အွန်လိုင်းလေထန်ကုန်း လူမှုအထောက်အကူပြုသံချပ်အဖွဲ့၊ သာကီနွယ်သံချပ်အဖွဲ့၊ကျွန်ုပ်တို့သည် သံချပ် အဖွဲ့၊ အပ္ပမာဒေနသမ္ပာဒေထ သံချပ်အဖွဲ့၊ မုသာဝါဒမပြောပါသံချပ်အဖွဲ့၊ ကာတွန်းဆရာ အောက်တိုဘာ အောင်ကြီး တစ်ကိုယ်တော် သံချပ်တင်ဆက်မှုစသည့် သံချပ်အဖွဲ့များက ပြုလုပ်ခဲ့ကြသည်။

Writer:
ဝေလင်းအောင်

Eleven Media Group

1 comment:

  1. လှိုင်မြို့ နယ် သီရိ၅လမ်းထိပ်မှာဂျင်မီခေါ်လာတာနေမှာပေါ့ သူတို့ ကတော့ ဟုတ်လှပြီဆိုပြီးအော်ဟစ်နေပရိတ်သတ်ပြောတာဘာမှမသိဖြစ်နေတာတွေကိုပြောပြမယ်။ အာရာဖတ်နဲ့ တိုက်ခန်းရတာနည်းသေးလို့ လား။ကလေးက ကလေးလိုမနေဘူး။ကုလားပေါတဲ့ အရပ်မှာတောင်လှုတဲ့ လူကနည်းနည်းလေး။လမ်းပိတ်လို့ ဆဲသွားတဲ့ တက္ကစီသမားကရှိသေးတယ်။မနေသာလို့ ဂျင်မီကိုယ်တိုင်လမ်းရှင်းနေရတယ်။အရမ်းစိတ်ပျက်စရာကောင်းတယ်။ပိုက်ဆံမပါလို့ ကုလားမက၂ပဲလောက်ရှိတဲ့ ရွေအမုန်အမွားပေးလိုက်သေးတယ်။

    ReplyDelete