Saturday, April 11, 2015

အပစ်ရပ် စာချုပ်မူကြမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက်များကို UWSA ဌာနချုပ် တွင်ဆွေးနွေးမည်

အပစ်ရပ် စာချုပ်မူကြမ်း ၊ပြည်တွင်းနိုင်ငံရေး အခြေအနေများနှင့် ငြိမ်းချမ်းရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက် များနှင့် ပတ်သက် သည့်ဆွေးနွေးပွဲ တစ်ခုကို UWSA "၀" သွေးစည်း ညီညွတ်ရေး တပ်မတော်ဌာနချုပ် ပန်ဆန်းဒေသတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့အချို့ ထံမှ သိရသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကော်စီ(RCSS) ကလည်း ဖိတ်ကြားမှုကို လက်ခံ ရရှိထား ပြီးဖြစ်သည် ဟုပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး သက်လှကပြော သည်။

"ပန်ဆန်းမှာ လက်ရှိပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ မူကြမ်း ကိစ္စဆွေးနွေး ဖို့ပါ၊ အင်န်စီစီတီမှာ မပါပေ မယ့် ဒါကို သွားပြီး ဆွေးနွေးမှာပါ။ လက်မှတ်ထိုး မထိုး ကို ဆုံးဖြတ်ချက်တစ်ခုခု ချထားတာတော့ အခုထိ မရှိသေးပါဘူး။ ဒါကို ဗဟိုကော်မတီကနေ ဆုံးဖြတ်ရမယ်၊ ဘယ်အချိန်ဆိုတာတော့ မသိသေးဘူး" ဟု ၎င်းက ဆိုသည်။

ယင်းဆွေးနွေးမှုကို မေလ ၁ရက်မှ ၃ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များကို စတင်ဖိတ်ကြားထားပြီ ဖြစ်သည်။ "ဖိတ်စာရ ထားပါ တယ်၊ အဓိကတော့ မူကြမ်းရယ်၊ အဖွဲ့တွေအားလုံး လိုလားချက်တွေ ကို ဆွေးနွေးမှာ တိုင်းရင်းသား ညီလာခံတော့ မဟုတ်ဘူးလို့ နားလည်ထား တယ်" ဟု ရခိုင် တပ်မတော် (AA) မှ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမ ကိုပြောသည်။

သုံးရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့သို့ ဖိတ်စာပေးပို့ ထားပြီးဖြစ်သော်လည်း အချို့မှာမူ ဖိတ်စာ ရရှိသေးခြင်း မရှိသေးပေ။

"ကျွန်တော်တို့ဆီ တရားဝင် ဖိတ်စာ မလာသေးဘူး။ လာရင်တော့ သွားမှာပါ၊ NCA နဲ့ပတ်သက်ပြီး ဆွေး နွေးမှာလို့တော့ သိထားတယ်။ ဖိတ်စာ မရသေးတော့သေ ချာတော့ မသိရသေးဘူး" ဟု ကရင်နီ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်က ဆိုသည်။

ပန်ဆန်းဌာန တွင်ပြုလုပ် မည့်ဆွေးနွေး ပွဲသို့ လက်ရှိ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပေါ်နေသည့် ကိုးကန့်အဖွဲ့ကိုလည်း ဖိတ်ကြား ထားပြီးဖြစ်ပြီး မိမိလည်း တက်ရောက် သွားမည် ဟုပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း ကပြောသည်။

ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီလက စတင်ကာ ဧပြီလ ၉ရက်ထိ တပ်မတော်နှင့် တိုက်ပွဲ များပြင်းထန်စွာ ဆက်လက်ဖြစ် ပွားနေသည်ဟု ၎င်းက ဆိုသည်။

မတ်လ ၃၁ရက်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့နှင့် ပြည်ထောင် စုငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ တို့အကြားဆွေးနွေး ညှိနှိုင်းပြီး သည့် အပစ်ရပ် စာချုပ်မူကြမ်းကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၂ ဖွဲ့က ပြန်လည် သုံးသပ်ဆွေးနွေးရန် ကျန်ရှိနေသေးသည်။

ယင်းသို့ ဆွေးနွေးရန် နေရာနှင့် ရက်သက်မှတ်ချက်တို့ကိုမူ ယခုအချိန်ထိ သတ်မှတ်ထားမှုမရှိသေးပေ။ အစိုးရကမူ လက်နက်ကိုင် အဖွဲ့ ၂၂ဖွဲ့မှ ၁၆ ဖွဲ့ဖြင့်သာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် ဆန္ဒရှိပြီး ကျန်အဖွဲ့အစည်းများကို ၂၀၁၅ အလွန် တက်ရောက်လာမည့် အစိုးရနှင့်သာဆောင် ရွက်ရန်ပြင်ဆင် ထား သည်။

Mizzima - News in Burmese

No comments:

Post a Comment