Saturday, May 9, 2015

ရန်ကုန်မြို့တော်သို့ ဖောက်ခွဲရေးသမား ဝင်မည့်သတင်းကြောင့် ယာဉ်များ ပိတ်ဆို့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ထိစပ်နယ်မြေ ဖြစ်သော ထန်းတပင်မြို့နယ် တူးချောင်းဂိတ်တွင် မေလ ၅ ရက်နေ့မှ စတင်ကာ ဖောက်ခွဲရေးသမားများ ရန်ကုန်မြို့အတွင်း ဝင်ရောက်လာနိုင်ကြောင်း သတင်းရရှိမှုကြောင့် မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အဓိကကတော့ ဖောက်ခွဲရေးသမားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းပေါ့။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာမယ့်သူနဲ့ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးသူတွေကိုပါ ဒီလမ်းကြောင်းကနေ လှုပ်ရှားသွားလာနေတယ် သတင်းရလို့ ကားတွေ ပိတ်ဆို့ရှာဖွေနေတာပါ” ဟု အဆိုပါ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ထန်းတပင်မြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းရှိ မိုင်တိုင်အမှတ် ၇/၁ တူးချောင်းကျေးရွာအနီး တူးချောင်းတိုးဂိတ်တွင် မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့စစ်ဆေးရာ၌ မြို့နယ်ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့်အပြင် ဘုရင့်နောင် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါ ပူးပေါင်းဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။
“မေလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ဆက်တိုက် ရှာခဲ့ရာမှာ ဖောက်ခွဲရေးနဲ့ ပတ်သက်တဲ့ မသင်္ကာသူ၊ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ဘာတစ်ခုမှ မဖမ်းမိသေးပါဘူး။ တုတ်၊ ဓား၊ လက်နက် ခိုးဝှက်ကိုင်ဆောင်သူတွေတော့ ဖမ်းမိထားတယ်၊ စီမံချက်နဲ့ စစ်ဆေးရေးက ဘယ်ရက်အတိုင်းအတာ အထိလည်းတော့ မသိရသေးဘူး” ဟု ထန်းတပင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
တူးချောင်းတိုးဂိတ်တွင် ယာဉ်များ နှစ်ရက်ပိတ် စစ်ဆေးမှုမှ ရန်ကုန်မှ ဧရာဝတီဘက်သို့ ဝင်ထွက်မည့် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်နှင့် ကုန်တင်ယာဉ် စုစုပေါင်း ၈၄၀ ကျော်ကို စစ်ဆေးခဲ့ရာ ထွက်ခွာခွင့်လက်မှတ် မပါသည့် ကုန်တင်ယာဉ် ၂၄၀ စီးနှင့် ဓားမြှောင်များ ခိုးဝှက်သယ်ဆောင်သူ အမျိုးသားလေးဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment