Thursday, May 28, 2015

ဝန်ကြီးချုပ်ယာဉ်တန်းကိုပင် လက်နက်အပြည့်အစုံဖြင့်ခြိမ်းခြောက်လာခြင်းက ငြိမ်းချမ်းရေးအတွက်စိုးရိမ်စရာ ဖြစ်လာပြီလား


၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သံဃနာယကဆရာတော်များပါဝင်တဲ့ ယာဉ်တန်းကို DKBA (KKO) အဖွဲ့က ကော့ကရိတ်-မြ၀တီ (အာရှလမ်းသစ်) ပေါ်မှာ အာပီဂျီအပါအ၀င် လက်နက်ကြီး တွေကို အသင့်အနေအထားပြင်ဆင်ပြီး ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ Social Media တွေကနေ တစ်ဆင့် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ ပြည်သူ တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေမြင့်တက်ခဲ့တာကို တွေ့မြင်လာရပါတယ်။

ဖြစ်စဉ်ကတော့ ရွှေတိဂုံပုံတူ မဟာကနကစေတီတော် ဌာပနာပိတ်ပွဲအခမ်းအနားကျင်းပမယ့် မြ၀တီမြို့ကိုသွားဖို့အတွက် ၀န်ကြီးချုပ်အပါအ၀င် ဆရာတော်သံဃာတော်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ အာရှလမ်းမသစ်ကြီပေါ်က ဖြတ်သန်း သွားခဲ့ရာကနေ နားမကြားဂိတ်အရောက်မှာ DKBA အဖွဲ့ဝင်အင်အား ၂၀ ကျော်က RPG လောင်ချာကို ကျည်ထိုးပြီး လက်နက်ကြီး လက်နက်ငယ်များနဲ့ ချိန်ရွယ်ကာ ယာဉ်တန်းကိုခြိမ်းခြောက်ရပ်တန့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တန်းကို နှစ်နာရီကျော်ကြာမြင့်စွာ ပိတ်ဆို့ထားခဲ့ပြီးမှ ဒေသတွင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ (၁၂) မှ တပ်မတော်အရာရှိများနဲ့ ကေအင်န်ယူတပ်ဖွဲ့က တာဝန်ရှိသူများဦးဆောင်ပြီး ညှိနှိုင်းပေးခဲ့တဲ့အတွက်သာ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ကြောင်းကို BGF တပ်ဖွဲ့က ဗိုလ်မှုးတစ်ဦးကပြောပါတယ်။
‘‘၀န်ကြီးချုပ်ကလည်း ဒီမှာဘုရားထီးတင်ပွဲလေ။ သံဃနာယကဆရာတော်တွေလည်းအများကြီးပါလာတယ်။ ဒီလိုလုပ် တာတော့မကောင်းဘူးပေါ့။ မဖြစ်သင့်ဘူးပေါ့။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြန်အလှန်နားလည်မှုနဲ့ရပ်တည်ရင်တော့ပို ကောင်းတာပေါ့’’ လို့ အဲဒီ ဗိုလ်မှုးကဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ်မှာတော့ DKBA အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်နေကြ တာကို တွေ့မြင်ရသလို၊ ယခုလို ငြိမ်းချမ်းရေးကာလမှ ၀န်ကြီးချုပ်တစ်ယောက်ကိုတောင် လက်နက်နဲ့ခြိမ်းခြောက်မှု ပြုလုပ်လိုက်ခြင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့
ငြိမ်းချမ်းရေးကိုမထေမဲ့မြင်ပြုလုပ်လိုက်ခြင်းဖြစ် ကြောင်းကိုလည်း သုံးသပ်ပြောကြားမှုတွေ ရှိလာခဲ့ပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ အဲဒီပြည်နယ်ရဲ့ တာဝန်အရှိဆုံး၊ ရာထူးအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ဒီလို ပုဂ္ဂိုလ်မျိုး ရဲ့ယာဉ်တန်းကိုတောင် သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တယ်ဆိုတာ ဘာသဘောလဲဆိုတော့ ပြဿနာဖန်တီးတဲ့သဘော လို့ပဲဆိုရပါမယ်။ အရင်တစ်ခေါက်ကလည်း DKBA စောဆန်းအောင်က အစိုးရတပ်စခန်းတွေကို အရင်စတိုက်တယ်၊ အစိုးရကပြန်တိုက်တော့ တိုင်းရင်းသားတွေကို အနိုင်ကျင့်နေတယ်လို့ မီဒီယာတွေကနေတဆင့် ပြန်ဖွတာတွေရှိခဲ့ တယ်၊ အခုကိစ္စမှာက ၀န်ကြီးချုပ်ကိုတောင် ရန်စလာတယ်ဆိုတော့ အစိုးရအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လှုပ်ရှား မှုတွေကို သတိထားစောင့်ကြည့်ဖို့လိုအပ်လာပြီ” လို့ သတင်းစာဆရာတစ်ဦးက သူ့ရဲ့ဖေ့ဘွတ်ကိုယ်ပိုင် အကောင့်မှာ ရေးသားထားတာတွေ့မြင်ရပါတယ်။
အစိုးရထိပ်ပိုင်းအရာရှိကြီးတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုကိုခံရတာဟာ ပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တုန်းက မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်လိုက်ပါလာ တဲ့ယာဉ်တန်းကို SSPP-SSA တပ်ဖွဲ့က ပြင်ဦးလွင်-မိုးကုတ်လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သတင်းထောက်ချူပ် တစ်ဦးအပါအ၀င် လူသုံးဦးဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ထို့အတူပဲ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့မှာလည်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော် လိုက်ပါလာတဲ့ယာဉ်တန်းကို ဝှေလုံတောင်ထိပ်မှာ KIA အင်အား ၄၀ ခန့်က လက်နက်နဲ့ခြိမ်းခြောက်ရပ်တန့်ခိုင်းပြီး လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလတွေမှာတောင် အစိုးရထိပ်ပိုင်း အရာရှိကြီးတွေကို အခုလို လက်နက်နဲ့ခြိမ်းခြောက်မှုတွေပြုလုပ်နေတာဟာ ငြိမ်းချမ်းရေးရယူလိုခြင်းထက် ၎င်းတို့ ကျက်စားရာ နယ်မြေကိုစိုးမိုးလိုမှု၊ အစိုးရကိုအရေးမစိုက်ဟန်ပြမှု၊ သူတစ်လူငါတစ်မင်းဖြင့် နယ်မြေတည်ထောင်လိုမှု တွေကြောင့်သာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလေ့လာနေသူ နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့ပါတယ်။
အစိုးရအနေနဲ့ကတော့ ယခုဖြစ်ရပ်လိုမျိုးမကြာခဏ ကြုံတွေ့ခဲ့ရပေမယ့်လက်တုန့်ပြန်မှုမရှိဘဲ၊ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းဖြင့်သာ ဖြေရှင်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒါကလည်း ငြိမ်းချမ်းရေးအတွက် သည်းခံအလျော့ပေးပြီး နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ရတာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောခဲ့ပါတယ်။
ယခုကိစ္စမှာလည်း ၀န်ကြီးချုပ်အပါအ၀င် ဆရာတော်သံဃာတော်တွေ၊ ပြည်နယ်ဝန်ကြီးတွေ အများအပြားကို လက်နက် နဲ့ခြိမ်းခြောက်ခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒါဟာနားလည်မှုလွဲမှားတာဖြစ်ကြောင်းသူ့အနေနဲ့ သည်းခံ ခွင့်လွှတ်ပါကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။
ယခုကိစ္စနဲ့ပတ်သက်ပြီး DKBA ရဲ့လုပ်ရပ်ကိုမီဒီယာအချို့ကဖော်ပြခဲ့တဲ့နေရာမှာလည်း လက်နက်နဲ့ အကြမ်းဖက် ခြိမ်းခြောက်တဲ့ ဖြစ်စဉ်ကို ဖုံးကွယ်ပြီး အာရှလမ်းမမှာ ဂိတ်ကြေးကောက်တဲ့ စခန်းတွေများပြားကြောင်းကိုသာ အသား ပေးဖော်ပြခဲ့တာကိုတွေ့ရှိရပါတယ်။ အာရှလမ်းမကိုနေ့စဉ်အသုံးပြုနေတဲ့ အငှားယာဉ်မောင်းတစ်ဦးကတော့ အာရှလမ်း ပေါ်မှာ DKBA ဂိတ်တစ်ခုသာရှိကြောင်းနဲ့ အစိုးရနဲ့ပတ်သက်တဲ့ ဂိတ်စခန်းတွေမရှိကြောင်း ပြောကြားခဲ့ပါတယ်။
“အဲဒီသတင်းတော့ဖတ်လိုက်ရတယ်၊ နားမကြားဂိတ်မှာဖြစ်တာပေါ့၊ အဲဒီဂိတ်က စောကျော်သက်ဂိတ်လေ၊ ကျွန်တော် တို့က ဒီအာရှလမ်းကနေပဲ နေ့စဉ်ဖြတ်နေတာပါ၊ အရင်ကတော့ ဂိတ် ၈ ဂိတ်လောက်ရှိတယ်၊ နောက်ပိုင်း စောကျော်သက်ဂိတ်ပဲကျန်တာပေါ့ ”လို့ ၎င်းက ဆိုပါတယ်။
ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ အစိုးရထိပ်ပိုင်းအရာရှိကြီးတွေကိုပင် လက်နက်ဖြင့်ခြိမ်းခြောက် လာမှုများက ငြိမ်းချမ်းရေးကာလမှာ သတိထားစောင့်ကြည့်စရာဖြစ်လာခဲ့ပြီး၊ ၎င်းတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်သော သဘောထားများကိုလည်း သေချာဆန်း စစ်သင့်ပြီဖြစ်ကြောင်းသုံးသပ်ပြောကြားမှုများလည်းရှိလာခဲ့ပြီဖြစ်ပါတယ်။
ဝေမင်းထက်

1 comment:

  1. မှန်တယ်ဗျာ၊ ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ မြ၀တီကိုသွားဖူးတယ်၊ လမ်းသစ်ကြီးကနေသွားတာ၊ လမ်းမှာ ပိုက်ဆံထွက်ထွက်တောင်းတဲ့လက်နက်ကိုင်တွေ သုံးလေးဖွဲ့တွေ့ရတယ်၊ အစိုးရစစ်တပ်မဟုတ်ဘူး၊
    တိုင်းရင်းသားလက်ကိုင်တပ်လို့ မသုံးချင်တော့ဘူး၊ လက်နက်ကိုင်သောင်းကျန်းသူတွေလို့ပဲသုံးချင်တယ်၊
    သေချာတာကတော့ ငြိမ်းချမ်းရေးလက်ကမ်းမှုကြောင့် အမြတ်ထွက်တာက အဲဒီသောင်းကျန်းသူတွေပဲ
    မြို့ပေါ်အထိ တက်သောင်းကျန်းနိုင်ပြီလေ။

    ReplyDelete