Monday, May 11, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစာမေးပွဲ အောင်စာရင်း မေလ တတိယပတ် ထုတ်ပြန်မည်

ယခုနှစ်မှ စတင်ခဲ့သော စတုတ္ထတန်း ခရိုင်စစ်မေးခွန်းနှင့် အဋ္ဌမတန်း တိုင်းဒေသကြီး၊ ပြည်နယ်စစ် စာမေးပွဲကျရှုံး၍ ကုစားပြန်ဖြေရသော ကျောင်းသားများ၏ စာမေးပွဲ အောင်၊ ရှုံးစာရင်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
“ကျောင်းအပ်နှံရေးက မေ ၂၅ ရက်ကနေ လကုန်အထိ ဆိုတော့ မေလ ၂၃ ရက် ထွက်မှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။
ကုစားပြန်လည်စစ်ဆေးမှုကို မေလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်များရှိ သတ်မှတ်စင်တာများတွင် ဖြေဆိုရမည်ဖြစ်ပြီး ၁၇ ရက်တွင် ယင်းကုစားဖြေဆိုလွှာများကို စတင်စစ်ဆေးကာ မေလ ၂၅ ရက်မှ လကုန်မတိုင်မီ ကျောင်းအပ်နှံရေး အချိန်မီ ထုတ်ပြန်မည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“ရေစကြိုဆိုရင် စင်တာဆယ်ခုပဲ။ နီးစပ်ရာ ပေါင်းလိုက်တာပေါ့။ အနောက်ဘက်ကကျောင်း ဆိုရင် ဖူလုံမှာ ဖြေရမှာ။ မြောက်ဘက်ဆိုရင်တော့ မအူတို့ပေါ့။ ကိုယ့်ကျောင်းနဲ့ ကိုယ်ဖြေတယ်ဆိုရင်လည်း မေးခွန်းထိန်းသိမ်းရတာ၊ စောင့်ရတာက ဒုက္ခများဦးမှာ” ဟု မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ ပညာရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး၌ စတုတ္ထတန်းကျောင်းသား ၈ ဒသမ ၈၂ သိန်း၊ အဋ္ဌမတန်းကျောင်းသား ၅ ဒသမ ၆၈ သိန်းရှိရာ ထက်ဝက်ကျော် ကျရှုံးပြီး ပြန်လည်ကုစား သင်ကြားရာတွင် ကျောင်းသားအများစု မတက်ရောက်တော့ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။
“မိဘတွေက သူတို့သားသမီးတွေကို ပြန်မဖြေခိုင်းတော့ဘူး။ အကျပဲ ထားကြတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ အခြေခံပညာ ဆရာမတစ်ဦးက ပြောကြားသည်။
လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် မူလတန်းကျောင်းသား ၅၇ သိန်းကျော်၊ အလယ်တန်းအဆင့် ကျောင်းသား ၂၈ သိန်းကျော်နှင့် အထက်တန်းအဆင့် ကျောင်းသား ရှစ်သိန်းကျော် တက်ရောက်ဖွယ်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။
The Voice Weekly

No comments:

Post a Comment