Sunday, June 14, 2015

ဂျပန်နှင့် အငြင်းပွား ပင်လယ်ပြင်များတွင် ကင်းလှည့်ရာတွင် ဒရုန်းလေယာဉ်များ သုံးရန် တရုတ်စစ်တပ် စဉ်းစားနေ

 အရှေ့တရုတ် ပင်လယ်တွင် ပုံမှန်စောင့်ကြည့်စစ်ဆေးရန် လူလိုက်ပါခြင်း မရှိသော ဒရုန်း လေယာဉ်များကို အပြည့်အဝ အသုံးပြုရန် တရုတ်စစ်တပ်က စဉ်းစားလျက်ရှိရာ တရုတ်က ပိုင်ဆိုင်သည်ဟု ပြောပြီး ဂျပန်က ထိန်းချုပ်ထားသည့် ကျွန်းများရှိရာနေရာတွင် ရှိနေသည့် တင်းမားမှုကို နောက်ထပ်မီးထိုး ပေးသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။ တရုတ်က ဒရုန်းများ အသုံးပြုခြင်းနှင့် ပတ်သက်၍ တရုတ်၏ စာရွက်စာတမ်းတစ်ခုက သောကြာနေ့က ပြသခဲ့သည်။


အောက်တိုဘာလက စုစည်းခဲ့သော စာတမ်းက တရုတ်စစ်တပ်အတွက် ဒရုန်းအသုံးပြုရန် လိုကြောင်း အကြံပြုခဲ့သည်။ ထို့အပြင် လက်ရှိ တရုတ်အစိုးရ သင်္ဘောများ စေလွှတ်ကာ ကင်းလှည့် နေမှုများက နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန် မလုံလောက်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တရုတ်သင်္ဘောများကို ဂျပန်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့် ပင်လယ်ပြင်တွင် တွေ့ရလေ့ရှိသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက တရုတ်အခေါ် တျောင်ယုဟု ခေါ်ဆိုနေသည့် ဂျပန်က အုပ်ချုပ်နေသော ဆင်ကာကုကျွန်းများအနီး ဒရုန်းတစ်စီးကို တွေ့ရှိခဲ့ရာ ဂျပန်၏ ကိုယ်ပိုင် လေကြောင်း ကာကွယ်ရေး လေတပ်က ဂျက်တိုက်လေယာဉ်များ လွှတ်ကာ ကြားဖြတ်ဟန့်တား ခဲ့ရသည်။ တရုတ်၏ ဒရုန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ဂျပန်နှင့် ပိုင်နက် အငြင်းပွားများကို ကိုင်တွယ်ရန်အပြင် အရှေ့တရုတ်ပင်လယ်တွင် အမေရိကန်၏ Global Hawk ဒရုန်းများ၏ ကင်းလှည့်မှုကို တန်ပြန်ရန် ဒရုန်းများ အသုံးပြုခြင်း၏ အရေးပါမှုကို ထိုစာတမ်းက မီးမောင်းထိုးပြခဲ့သည်။

တရုတ်စစ်တပ်တွင် စစ်ဘက်သုံး ဒရုန်းလေယာဉ် ၅၀ ခန့်ရှိပြီး ယင်တို့အနက် ယိလုံဒရုန်းမှာ ကီလိုမီတာ ၄,၀၀၀ အထိ ပျံသန်းနိုင်သည့်အပြင် နာရီ ၂၀ အထိ မရပ်မနား ပျံသန်းနိုင်သည်ဟု သိရသည်။
mizzima

No comments:

Post a Comment