Wednesday, June 24, 2015

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးပါသော ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ရန် ယနေ့ ဆွေးနွေးမည်

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိကအရေးပါသော ပုဒ်မ ၄၃၆ (က) ပါ အချက်များကို ပြင်ဆင်နိုင်ရန် ယနေ့ (ဇွန်လ ၂၃ ရက်) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ အခြေခံဥပဒေ ပုဒ်မ ပြင်ဆင်ရေးကိစ္စကို ကြံ့ခိုင်ရေးပါတီမှ ၄ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၅ ဦးနှင့် တိုင်းရင်းသားပါတီများမှ တစ်ဦးစီနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆ ယောက်က ဆွေးနွေးရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဥပဒေ ပုဒ်မ ၄၃၆ (က) သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှ အခန်း ၁၂ ထိ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ပြင်ဆင်ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံလျှင် ပြင်ဆင်နိုင်ကြောင်း ဖော်ပြထားသည့် ပုဒ်မလည်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဦးဆောင်ရေးဆွဲပြီး အခြားပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းတွင်မူ ယင်းပုဒ်မကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းထက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော်ဖြင့် ပြင်ဆင်ရမည်ဟု ပြောင်းလဲ ပြင်ဆင်ဖော်ပြထားသည်။
ယင်းပုဒ်မကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီအတွက် ဆွေးနွေးမည့်အချိန် ၁၀ မိနစ်စီ အချိန်ရမည်ဖြစ်ပြီး ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တွင် ယင်း ၄၃၆ (က) နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို အပြီးသတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။
၄၃၆ (က) အတွက် ဆွေးနွေးမည့် အမည်စာရင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အမည်စာရင်း ပေးသွင်းထားခြင်း မရှိဘဲ ၎င်း၏ ပါတီဝင် ကိုယ်စားလှယ် ၁၂ ဦးကိုသာ ထည့်သွင်းထားကြောင်း အစည်းအဝေး အစီအစဉ် ထုတ်ပြန်မှုအရ သိရသည်။
ယင်းပုဒ်မကို ဇွန်လ ၂၃ ရက်နေ့တွင် စတင်ဆွေးနွေးမည့် အပြင် ၅၉ (ဃ) မှ နိုင်ငံတော်အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး စသည့် အမြင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသော ၅၉ (စ) ပြင်ဆင်ချက်များကို ဆွေးနွေးရန် အစီအစဉ်လည်း ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။
၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက ဦးဆောင်ရေးဆွဲပြီး ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးချယ်ခံမှုကို ကန့်သတ်ပိတ်ပင်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ)၊ ဒုတိယသမ္မတ ရွေးကောက်တင်မြောက်ခြင်း ကိစ္စတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ထဲမှ အမည်စာရင်း တင်သွင်းရေး ကိစ္စများ ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
အဆိုပါ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ၂၀၀၄ ခုနှစ် အတွင်းတွင် လူထုဆန္ဒမဲ ကောက်ခံသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment