Saturday, June 20, 2015

လေယာဉ်ဘီးအုံတွင် တွယ်ကပ်လိုက်ပါရင်း ဗြိတိန်သို့ ခိုးဝင်ရန် ကြိုးစားသူ လေယာဉ်ပေါ်မှ ပြုတ်ကျ သေဆုံး

ကီလိုမီတာ ၉၀၀၀ မျှ အကွာအဝေးထိ လေယာဉ်ခိုးစီး လိုက်ပါလာသည်ဟု ယူဆရသူ တစ်ဦးသည် လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
 လေယာဉ်ဘီးအုံတွင် ခိုးဝှက်တွယ်ကပ်၍ လိုက်လာဟန်ရှိသော အမျိုးသားသည် လန်ဒန်မြို့ရှိ အင်တာနက် ကုမ္ပဏီ တစ်ခု၏ ဌာနချုပ် အမိုးပေါ်တွင် ပြုတ်ကျ သေဆုံးနေသည်ကို ဇွန်လ ၁၉ ရက်က တွေ့ရှိခဲ့သည်။ ၎င်းသည် ဗြိတိသျှ လေကြောင်းပိုင် လေယာဉ်တစ်စီး၏ ဘီးအုံပေါ်တွင် ခိုကပ်ကာ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စဘာ့ဂ် မြို့မှ ဗြိတိန်နိုင်ငံ၏ မြို့တော်ထိ ခိုးဝှက်လိုက်ပါလာဟန် ရှိသည်။

အဆိုပါ လေယာဉ်၏ ဘီးအုံတစ်ခုပေါ်တွင်ပင် နောက်ထပ် အမျိုးသား တစ်ဦးကိုလည်း မေ့မျောလျက်သား အနေအထားဖြင့် တွေ့ရှိခဲ့ရသည်။ ၎င်းသည် အသက်ရှင်လျက် ရှိနေသေးသော်လည်း အခြေအနေ စိုးရိမ်ရကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ဆိုသည်။ အသက်ရှင်နေသူသည် အသက် (၂၄) နှစ် ဝန်းကျင်ရှိပြီး ကီလိုမီတာ ၉၀၀၀ ကျော် ခရီးကို ၁၁ နာရီကျော်ကြာအောင် ခိုကပ် လိုက်ပါလာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲများက ယူဆထားသည်။

ပြုတ်ကျသေဆုံးသူနှင့် အသက်ရှင် ကျန်နေသူ နှစ်ဦးတို့ကြားတွင် တစ်စုံတစ်ရာ ဆက်နွှယ်မှု ရှိနိုင်ကြောင်း အထောက်အထား မတွေ့ရသော်လည်း နှစ်ဦးစလုံးကို အမှုတစ်ခုတည်းအဖြစ် သတ်မှတ် စုံစမ်းလျက် ရှိသည်။ လန်ဒန် ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးစလုံး တောင်အာဖရိက နိုင်ငံသားများ ဟုတ်မဟုတ်ကို သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များနှင့် ဆက်သွယ်ပြီး အတည်ပြုချက်ယူရန် စီစဉ်နေကြောင်း ပြောကြားထားသည်။

“ဘာပဲဖြစ်ဖြစ် ဒါဟာ လုံခြုံရေး ကျိုးပေါက်မှု တစ်ခုပါ။ ဒီဖြစ်ရပ် ဘယ်လို ဖြစ်ရတယ်၊ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို အဖြေရှာဖို့ လိုပါတယ်။ တောင်အာဖရိကမှာ ဒါမျိုးကြုံဖူးတာ ခပ်ရှားရှားပါ”ဟု တောင်အာဖရိက လေဆိပ်များဆိုင်ရာ အဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကိုလင်နိုင်ဒူက ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ် နောက်ပိုင်းတွင် လေယာဉ်ဘီးအုံ နေရာမှ တွယ်ကပ်လိုက်ပါပြီး ဗြိတိန်သို့ ပြောင်းရွှေ့ခိုလှုံရန် ကြိုးပမ်းမှုပေါင်း ၁၀၀ ကျော်မျှကို ဖမ်းဆီးရမိဖူးကြောင်း သိရသည်။ ယင်းတို့အနက် လေးပုံသုံးပုံမျှသည် လိုရာခရီးသို့ အသက်ရှင်လျှက် မရောက်ရှိနိုင်ခဲ့ကြချေ။

ဗြိတိန်သို့ ယင်းနည်းလမ်းဖြင့် ခိုးဝင်ရန် နောက်ဆုံးကြိုးစားခဲ့သူမှာ ၂၀၁၂ ခုနှစ်က လေယာဉ်ဆင်းခါနီး ပြုတ်ကျ သေဆုံးသူ မိုဇမ်ဘစ် နိုင်ငံသား ဟိုဆေး မာတာဒါ ဆိုသူဖြစ်သည်။ အဆိုပါ နည်းလမ်းမျိုးဖြင့် ဗြိတိန်သို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့ဖူးသည့် နောက်ဆုံးပုဂ္ဂိုလ်မှာ ၂၀၁၀ ပြည့်နှစ်တွင် ဆိုက်ရောက်လာသည့် ရိုမေးနီးယား နိုင်ငံသား တစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

_Ref: RT

No comments:

Post a Comment