Wednesday, June 10, 2015

အိန္ဒိယ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေထုတ်ပေးသွားရန် စီစဉ်

အိမ်သာအသုံးပြုခြင်းကို အားပေးသည့်အနေဖြင့် အိန္ဒိယနိုင်ငံရှိ မြို့တစ်မြို့တွင် အများသုံးအိမ်သာ အသုံးပြုသူများကို ငွေကြေးပေးချေမည့် အစီအစဉ်တစ်ရပ် စတင်သွားမည်ဟု သိရသည်။
 အာမက်ဒါဘက်မြို့၏ မြူနီစီပယ် အဖွဲ့က မြို့အတွင်းရှိ အများသုံးအိမ်သာ ၆၇ လုံးတွင် ဝန်ထမ်းများ စောင့်ကြပ်နေပြီး အိမ်သာဝင်ရောက် အသုံးပြုသူများကို ငွေကြေး တစ်ရူပီးစီ ပေးချေသွားမည်ဟု ကြေညာခဲ့သည်။ ယင်းအစီအစဉ်သည် စည်းမဲ့ကမ်းမဲ့ဖြင့် လမ်းဘေးနေရာများတွင် အပေါ့စွန့်ခြင်း၊ အလေးသွားခြင်းများကို လျော့ပါးသွားစေမည်ဟု တာဝန်ရှိသူများက ယုံကြည်ထားသည်။

အာမက်ဒါဘက် မြို့ထဲတွင် အများသုံးအိမ်သာ ၃၁၅ လုံး ရှိနေပြီး လက်ရှိဆောင်ရွက်ချက်မှာ စမ်းသပ်ဆဲ အဆင့်အဖြစ် အကောင်အထည်ဖော်ခြင်းဟု သိရသည်။ “တကယ်လို့ အောင်မြင်တယ်ဆိုရင်တော့ မြို့ထဲက အိမ်သာ ၃၀၀ ကျော်စလုံးမှာ ဒီစနစ်ကို ကျင့်သုံးသွားမှာပါ”ဟု မြူနီစီပယ်အဖွဲ့၏ ကျန်းမာရေးဆိုင်ရာ အရာရှိ ဘားဗစ်ခ်ဂျိုရှီက ပြောကြားခဲ့သည်။
မြူနီစီပယ်အဖွဲ့ ဥက္ကဋ္ဌ ပရာဗင်းပက်တဲလ်က စည်းမဲ့ကမ်းမဲ့ အညစ်အကြေး စွန့်သူများကို အိမ်သာအသုံးပြုလာရန် ယခုနည်းလမ်းဖြင့် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ “ဒီစိတ်ကူးရဲ့ အဓိက အခြေခံ အကြောင်းရင်းကတော့ အများသုံး အိမ်သာတွေ ရှိနေတဲ့ မြို့ထဲမှာ လူကြားသူကြားထဲ အပေါ့သွား၊ အလေးစွန့်တဲ့ လူတွေကို ဖယ်ရှားချင်လို့ပါ”ဟု ၎င်းက ရှင်းပြခဲ့သည်။
အဆိုပါ အစီအစဉ်ကို ယခုလအတွင်း အကောင်အထည်ဖော်ရန် ရည်ရွယ်ထားပြီး ယင်းနောက်ပိုင်းတွင် အများပြည်သူနှင့်ဆိုင်သော နေရာများ၌ အလွယ်တကူ အညစ်အကြေးစွန့်သည့် စည်းကမ်းမဲ့သူများကို ပြင်းထန်သော ဒဏ်ကြေးများ တပ်ရိုက်ရန်လည်း စဉ်းစားထားကြောင်း သိရှိရသည်။

_Ref: UPI

No comments:

Post a Comment