Friday, June 5, 2015

ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲ ၄ နှစ်ပြည့်နှင့် ဒုက္ခသည်များအတွက် ရန်ပုံငွေလှုပ်ရှားမှု

ကချင်လွတ်မြောက်ရေး တပ်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်း ၄ နှစ် တာကာလ၌ ကချင်ပြည်နယ် ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး အကူအညီများ ဆက်လက် လိုအပ်နေကြောင်း သိရသည်။ဇွန်လ ၉ ရက်နေ့သည် တကျော့ပြန်စစ် ၄ နှစ်ပြည့်သောနေ့ဖြစ်ပြီး တည်ငြိမ်မှုမရှိခြင်း၊ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းတို့ကြောင့် ဒုက္ခသည်များမှာ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဇွန်လ ၆ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ အထိမ်းအမှတ်ပွဲ လှုပ်ရှားမည့် ရန်ကုန် ကချင်လူငယ်များက ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် ပံ့ပိုးငွေများ နည်းပါးလာပြီး လူတဦးလျင် တရက်-၂၀၀ ကျပ်နှုန်းဖြင့် ကျွေးမွေးနိုင်ရန်ပင် အခက်အခဲရှိနေကြောင်း ဒုက္ခသည်များအား စောင့်ရှောက်နေသည့် အဖွဲ့ကြီး ၉ ဖွဲ့ ပူးပေါင်းထားသော Joint Strategy Team (JST) မှ ပြောကြားထားသည်ဟု ဆိုသည်။
UNOCHA မှ လည်း ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်များအား ကျွေးမွေးစောင့်ရှောက်ရန် လိုအပ်ငွေ၏ ၁၆% သာ ရရှိသေးကြောင်း ထုတ်ပြန်သည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ ကချင်လူငယ်ထုမှ ဦးဆောင်၍ ကချင်ဒေသစစ်ပွဲ ၄ နှစ်ပြည့်နေ့ အထိမ်းအမှတ်တွင် ဒုက္ခသည်များအား စာနာကူညီကြရန် နှိုးဆော်သောအားဖြင့် Concern, Care and Contribute to the IDPs Event ကို ဇွန်လ ၆ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ ငြိမ်းချမ်းရေးတေးသီချင်းများ သီဆိုခြင်း၊ သရုပ်ပြ လှုပ်ရှားမှုများ၊ သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့် ရန်ပုံငွေအလှူခံခြင်းများ ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
mizzima

No comments:

Post a Comment