Monday, June 1, 2015

မြန်မာ-ယူကရိန်း ယူ ၂၀ ပွဲုကြို သုံးသပ်ချက်

ဇွန် ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။မြန်မာ-ယူကရိန်း ဘောလုံးပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်နဲ့ အကူဒိုင်တွေအဖြစ် ဘရာဇီးနိုင်ငံသားတွေက ဆောင်ရွက်မှာဖြစ်သလို နောက်အကူဒိုင်ကတော့ ဂါနာနိုင်ငံသား က ဆောင်ရွက်မှာ ဖြစ်ပါတယ်။မြန်မာအသင်းပါဝင်နေတဲ့ အုပ်စု (က)ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန် အသင်းက တပွဲကစား တပွဲနိုင် ၃ မှတ်နဲ့ အုပ်စု ပထမနေရာ ရယူထားပါတယ်။

နယူးဇီလန်နဲ့ ယူကရိန်းတို့က ၁ မှတ်စီနဲ့ အုပ်စု ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေသလို မြန်မာကတော့ အုပ်စု စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

အမေရိကန်ကို ရှုံးနိမ့်ထားတဲ့ မြန်မာအသင်းအတွက်သာမက နယူးဇီလန်နဲ့ သရေကျထားတဲ့ ယူကရိန်းအသင်းအတွက် နောက်တဆင့်တက်ရေးအတွက် ဒီပွဲဟာ အရေးပါတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။

မြန်မာအသင်း ယူကရိန်းကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ဒုတိယအဆင့် တက်ရောက်ရေး မျှော်လင့်နိုင်မှာ ဖြစ်သ လို ယူကရိန်းက အနိုင်ရခဲ့ရင်လည်း အုပ်စု ဒုတိယတက်ရောက်နိုင်ရေး မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနဲ့ ယူကရိန်း အသင်း နှိုင်းယှဉ်ရင် ဘာတွေ အားသာမလဲ ဘာတွေမှာ အားနည်းမလဲ ဆိုတာတွေကို နှိုင်းယှဉ် ကြည့်ချင်ပါတယ်။

မြန်မာ- ယူကရိန်းပွဲကို ဖန်ဂရိုင်မြို့က Northland Events Centre ကွင်းမှာပဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဒီဘောလုံးကွင်းဟာ အရင် အမေရိကန်နဲ့ ပွဲတုန်းက မြန်မာအသင်း ကစားခဲ့တဲ့ ကွင်းဖြစ်တဲ့အတွက် မြန်မာ အသင်းနဲ့ ရင်းနှီးနေသလို ယူကရိန်းအတွက်ကတော့ ဒီကွင်းဟာ အသစ်ဖြစ်တဲ့ အတွက် ကွင်းအနေ အထားအရ မြန်မာက အသာရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ယူကရိန်း အသင်းဟာ တတိယအကြိမ်မြောက် ယူ ၂၀ ကမ္ဘာဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတာဖြစ်တဲ့ အတွက် မြန်မာထက်တော့ ကမ္ဘာဖလားပြိုင်ပွဲ အတွေ့အကြုံပိုင်းက အားသာနေပါတယ်။

ယူကရိန်း နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်  ဥရောပဘောလုံးပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ အသင်းရဲ့ လေ့ကျင် ပြင်ဆင်မှုကို အခက်အခဲ ဖြစ်စေပါတယ်။ ဒီအတွက်  မြန်မာ အသင်းလောက် ခြေစမ်းပြင် ဆင်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

မြန်မာအသင်းနဲ့ ယူကရိန်းအသင်းတူညီတဲ့ အချက်ကတော့ ၂  သင်းစလုံး ပြည်တွင်း အခြေစိုက် အားကစား သမားတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

၎-၂-၃-၁ ကစားကွက်နဲ့ တန်ပြန်တိုက်စစ်ကို အများဆုံးအသုံးပြုကစားတဲ့ ယူကရိန်း အသင်းက ပြည်တွင်း ရှက်တာဒိုးနပ်စ်နဲ့ ဒိုင်နမိုကီးယပ်စ်က ကစားသမား ၅ ဦးစီကို အခြေခံပြီး ပြည်တွင်း ကလပ်အသင်းက ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။

ယူကရိန်းရဲ့ ဘောလုံး ကစားပုံဟာ တကယ်တော့ မြန်မာ အသင်းနဲ့ စိမ်းနေတဲ့ အသင်းမဟုတ်ပါဘူး။

ဇန်န၀ါရီလက ကမ္ဘာဖလားပြိုင်ပွဲအတွက် မြန်မာ ယူ ၂၀ ဘောလုံးအသင်း ဥရောပ တခွင်ကို လှည့်လည် ခြေစမ်းစဉ်  ယူကရိန်းကလပ် ရှက်တာဒိုးနပ်စ် ယူ ၂၁ အသင်းနဲ့ ခြေစမ်းခဲ့ဖူးပါတယ်။ ဒီခြေစမ်းပွဲမှာ ရှက်တာဒိုးနပ်စ်အသင်းကို မြန်မာက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနဲ့ ယူကရိန်း ၂ သင်းစလုံး ချစ်ကြည်ရေး ခြေစမ်း ကစားခဲ့ဖူးတဲ့ အသင်းက ဟန်ဂေရီ အသင်းဖြစ်ပါတယ်။ ၂၀၁၄ မေမှာ ယူကရိန်း ကစားစဉ်က ၄ ဂိုး ၁ ဂိုးနဲ့ ဟန်ဂေရီက အနိုင်ရခဲ့သလို ၂၀၁၅ မှာ မြန်မာနဲ့ ကစားရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဟန်ဂေရီက အနိုင်ရခဲ့ဖူးပါတယ်။

မြန်မာ ယူ၂၀ အသင်းရဲ့ လက်ထောက်နည်းပြ ဦးညီညီလတ်က မြန်မာ အသင်းအနေနဲ့ ပြိုင်ပွဲမှာ ရလဒ်ကောင်း တခု ရယူလိုပါက အာရုံစူးစိုက်မှု အပြည်ရှိဖို့ သတိပေးထားတယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနည်းပြကလည်း ယူကရိန်းနဲ့ပွဲကို ဘယ်လိုကစားမလဲဆိုတာ ဆုံးဖြတ်ဖို့ ပွဲဗွီဒီယိုတွေ ပြန်ကြည့်ပြီး လေ့လာနေတယ်လို့ ဆိုပါတယ်။

တက်လမ်းအားကစား ဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကတော့ ယူကရိန်း-နယူးဇီလန် ကစားတဲ့ ပွဲခြေအရဆိုရင် အမေရိကန်လောက် မကောင်းတာ တွေ့ရတဲ့ အတွက် ယူကရိန်း အသင်းကို မြန်မာ အသင်းက သေချာဖိဖိစီးစီး ကစားနိုင်မယ်လို့ ထင်ကြောင်း ပြောပါတယ်။

“နိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ကို ကစားသွားတဲ့ ခြေအရဆိုရင် ကျနော်တို့က ယူကရိန်းကို တကယ်ကို စိတ်ဓာတ်အပြည့်နဲ့ ကစားမယ်ဆိုရင် နိုင်ခြေရှိတယ်။ စုစည်းမှုရော စိတ်ဓာတ်အားရောဆိုလိုရှိရင်တော့ မြန်မာအသင်းအနေနဲ့ ယူကရိန်းကို အနိမ့်ဆုံးတော့ သရေလောက်ထိ ကျနော်တို့ ကစားနိုင်မယ်။ နိုင်ခြေရှိတယ်လို့ ထင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာ ယူ၂၀ အသင်းက Teamwork နဲ့ ကစားတာ ဖြစ်သလို  ဥရောပအသင်းတွေနဲ့ အထိအတွေ့ရှိထားတဲ့ အတွက် ယူကရိန်းကို ရဲရဲဝံ့ဝံ့ကစားမယ်ဆိုရင် မြန်မာအသင်း မျှော်လင့်ချက်ရှိတယ်လို့ ယူဆတယ်လို့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

နေပြည်တော် ဘောလုံး အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကတော့ အတွေ့အကြုံပိုင်း ခန္ဓာကိုယ်ကြီး ထွားမှုတွေကတော့ တဖက်အသင်းက အားသာပေမယ့် မြန်မာကစားသမားတွေရဲ့ ကစားအားနဲ့ Teamworkက မြန်မာအသင်းက အားသာတယ်လို့ သုံးသပ်ပါတယ်။

မြန်မာအသင်းဟာ ဘောလုံးကိုင်ကစားတတ်တဲ့ အမေရိကန် အသင်းကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့သလို နယူးဇီလန်နဲ့ ကစားခဲ့စဉ် ပါဝါကို အားပြုကစားတဲ့ ယူကရိန်းကစားပုံကြောင့် မြန်မာအသင်းအတွက် စိုးရိမ် မိတယ်လို့ သူက ပြောပါတယ်။

“ပါဝါဂိမ်းကစားတဲ့ အသင်းကိုတော့ နည်းနည်းလေး စိုးရိမ်မိတယ်၊ ဒါပေမယ့် ခဏက ကျနော်ပြောသလို ဒီမြန်မာမှာရှိတာကတော့ စုစည်းမှုအားရယ်၊ နောက်ဝမ်းတူးပေးတဲ့ ကစားကွက်လေး တိုင်ပင် ကိုက်ပြီးတော့ နောက်တခုက ပထမပွဲလိုပဲ သူတို့ အမှားတခုမှားရင် ကိုယ်က ရမယ့် အခွင့်အရေးတွေကို အသုံးချနိုင်တယ်ဆိုရင်တော့ မြန်မာအသင်းအတွက် မျှော်လင့်ချက်ရှိတယ်လို့ထင်တယ်” လို့ ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။

အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)ကတော့ ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာယူ၂၀ အသင်း အနေနဲ့ အုပ်စုတွင်းလက်ကျန်ပွဲစဉ်၂ပွဲကို အနိုင်ကစားနိုင်ခြေရှိပြီး အုပ်စုက တက်သွားနိုင်တယ်လို့ ခန့်မှန်း ပါတယ်။

“တို့ မြန်မာ ယူ၂၀ အသင်းဟာ အမေရိကန်နဲ့ကစားခဲ့တုန်းက ကစားခဲ့တဲ့ ဇွဲ၊ စိတ်ဓာတ်၊ ဘောလုံးကစားတဲ့ စနစ်၊ ကြံ့ခိုင်မှုတွေနဲ့ ဆက်ကစားဖို့ရှိနေမယ်ဆိုရင် ယူကရိန်းနဲ့ နယူးဇီလန်ကို နိုင်မယ်လို့ တို့ကတော့ ထင်မှတ်ထားတယ်” လို့ သူကပြောပါတယ်။
ကိုထွေး

No comments:

Post a Comment