Wednesday, June 10, 2015

သံသယအကြည့်များကို တောက်ပသောခြေစွမ်းဖြင့် ဖြတ်ကျော်ခြင်း


နာမည်ကြီးဘောလုံးသမားများ မပါဝင်သည့် စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင်   မြန်မာ ယူ-၂၃အသင်းက ပြိုင်ပွဲမတိုင်မီရေပန်းမစားခဲ့သော်လည်း အုပ်စုပွဲစဉ်များ၌ တစ်ပွဲချင်းအလိုက်ခြေစွမ်းနှင့်ရလဒ်ကောင်းများ ဖန်တီးပြီး ပရိသတ်များ၏ အားပေးမှုကို အမိအရဖမ်းဆုပ်ပြနေလေပြီ။
 စင်ကာပူနိုင်ငံက လက်ခံ ကျင်းပနေသည့် ၂၀၁၅ ဆီးဂိမ်းအ မျိုးသားဘောလုံးပြိုင်ပွဲတွင်အုပ်စု (က)၌ ပါဝင်သည့် မြန်မာ ယူ-၂၃ အသင်းသည် အင်ဒိုနီးရှား၊ စင်ကာ ပူ၊ ဖိလစ်ပိုင်အသင်းများကို အနိုင်ရရှိကာသုံးပွဲဆက်အနိုင်ရလဒ်ဖြင့်လက်ကျန်တစ်ပွဲ ကျန်ရှိသေးသော် လည်း အကြိုဗိုလ်လုပွဲသို့တက် ရောက်ခွင့်ရရှိထားပြီဖြစ်သည်။


အုပ်စုပွဲစဉ်အနေအထားအရ မြန်မာအသင်းသည် အင်ဒိုနီးရှား၊ အိမ်ရှင်စင်ကာပူစသည့် အုပ်စုတွင်း အင်အားကြီးနှစ်သင်းနှင့် စတင်ရင်ဆိုင်ခဲ့ရပြီး ပရိသတ်မျှော်လင့်ချက်များစွာမထားသည့်ကြားမှ ခြေစွမ်းပြ၍ နိုင်ပွဲများရယူခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာ ယူ-၂၃အသင်းကို အုပ်စုအဆင့်၌ ချန်ထားခဲ့သည့် အင်ဒိုနီးရှားအသင်းကို ၂၀၁၅ဆီးဂိမ်းအုပ်စုအဖွင့်ပွဲ၌ မြန်မာအသင်းက ၄-၂ဂိုးဖြင့် အနိုင်ယူကာ ပြန်လည်လက်စားချေနိုင်ခဲ့ သည်။

အိမ်ရှင်စင်ကာပူအသင်းကို ၂-၁ဂိုးဖြင့်အနိုင်ယူကာ နှစ်ပေါင်း ၂၀အတွင်း ဆီးဂိမ်းအိမ်ရှင်အ သင်းကို ပထမဆုံးအနိုင်ပွဲရယူပေးနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ၌ ၁၉၉၃ခုနှစ်က အိမ်ရှင်စင်ကာပူအသင်းကို အကြို ဗိုလ်လုပွဲတွင် အနိုင်ရရှိပြီးနောက်ပိုင်း အိမ်ရှင်အသင်းများနှင့်တွေ့  ဆုံရာတွင်နိုင်ပွဲရရှိခြင်းမရှိတော့ဘဲ ယခုနှစ်ဆီးဂိမ်းမှသာ ပြန်လည် နိုင်ပွဲရယူပေးနိုင်ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၃အသင်းအနေဖြင့် အုပ်စုပွဲစဉ်များ၌ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ပိုင်းနှင့် အကောင်းဆုံးခြေစွမ်းပြသကာ ရလဒ်ကောင်းများ ဖန်တီးထားသော်လည်း ပရိသတ်များမျှော်လင့်နေသည့် ရွှေဆုအတွက်အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို ဖြတ်ကျော်ပြရဦးမည်ဖြစ်သည်။

မြန်မာ ယူ-၂၃အသင်းသည် အကြိုဗိုလ်လုပွဲအဆင့်၌ အခြားအုပ်စု(ခ)မှ ထိုင်း(သို့မဟုတ်)ဗီယက်နမ်အသင်းနှင့်တွေ့ဆုံမည် ဖြစ်ပြီး ခက်ခဲစွာရုန်းကန်ရနိုင်သော်လည်း အုပ်စုပွဲစဉ်များမှအား နည်းချက်များကို ပြင်ဆင်နိုင်ပါက အကောင်းဆုံးအခွင့်အရေးများရရှိနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

‘‘အုပ်စုပွဲစဉ်တွေမှာ မြန်မာ အသင်းအနေနဲ့ နိုင်ပွဲတွေရရှိထားပေမယ့် ခံစစ်ပိုင်းကတော့ အားနည်းချက်ရှိတာတွေ့ရပါတယ်။ အုပ်စုပွဲစဉ်သုံးပွဲမှာ တိုက်စစ်ပိုင်းက ဂိုးတွေရသလို ပွဲတိုင်းဂိုးပေးထားရပါတယ်။ အကြိုဗိုလ်လုပွဲမတိုင်ခင် ခံစစ်ပိုင်းကို အဓိကပြင်ဆင်ဖို့လိုပါမယ်’’ဟုဘောလုံးနည်းပြဆရာဦးတင်ငြိမ်းကပြောသည်။

မြန်မာ ယူ-၂၃အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲကစားအပြီး ပေးဂိုး လေးဂိုးနှင့် ရဂိုး ၁၁ဂိုး ရရှိထားသည်။ အုပ်စုပွဲစဉ်မကုန်မီ အကြို ဗိုလ်လုပွဲတက်ရောက်ခွင့်ရထားသည်။ အခြားအုပ်စုမှ ထိုင်းအသင်းက လေးပွဲကစားအပြီး ရဂိုး ၁၃ဂိုး ရရှိထားပြီး ပေးဂိုးမရှိပေ။ ထို့အပြင် ဗီယက်နမ်အသင်းကလည်း ပေးဂိုး တစ်ဂိုးသာရှိထားပြီး ရဂိုး ၁၅ဂိုး ရရှိထားသည်။

အကြိုဗိုလ်လုပွဲတွင် တိုက်စစ်အားသန်သည့် ထိုင်း၊ ဗီယက်နမ်အသင်များနှင့် ရင်ဆိုင်ရမည့် မြန်မာအသင်းအနေဖြင့် ခံစစ်ပိုင်း  အမှားနည်းရန်လိုအပ်မည်ဖြစ်သည်။

‘‘ဖိလစ်ပိုင်နဲ့ပွဲမှာ မြန်မာအသင်းရဲ့ ပထမပိုင်းကစားပုံကိုတော့ အားမရဘူး။ နောက်ပွဲတွေမှာ အဲဒီလိုမဖြစ်စေချင်ဘူး။ ဒုတိယပိုင်းမှာတော့ နည်းပြပြင်လိုက်လို့ထင်တယ်။ ပိုကောင်းလာတယ်။ ဂိုးတွေလည်းရလာတယ်။ အကြို ဗိုလ်လုပွဲမှာတော့ မြန်မာအသင်းက ခက်ခဲမယ့်အနေအထားရှိသလို မြန်မာနဲ့တွေ့မယ့် ပြိုင်ဘက်အသင်းကလည်းမလွယ်ပါဘူး။ အကြိုဗိုလ်လုပွဲအဆင့်မှာ ယှဉ်ပြိုင်ရမယ့် နှစ်သင်းစလုံးအတွက် ခက်ခဲမှာပါ’’ဟု ၀ါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က သုံးသပ်သည်။

သို့သော်ကောင်းသည့်အ ချက်မှာ မြန်မာယူ-၂၃အသင်းအနေဖြင့် အုပ်စုပွဲစဉ်သုံးပွဲအပြီး၌ ရရှိထားသည့် သွင်းဂိုး ၁၁ဂိုးကို ကစားသမားခြောက်ဦးက သွင်းယူထားခြင်းဖြစ်ပြီး ရှေ့၊လယ်၊ နောက်နေရာစုံက သွင်းယူထားနိုင်သည်။ ထို့အပြင် မြန်မာ ယူ-၂၃အသင်း၏အားသာချက်မှာ တည်ကန်ဘော၊ ထောင့်ကန်ဘောများမှတစ်ဆင့် ပြိုင်ဘက်အသင်းကိုဖိအားပေးနိုင်ပြီး ဂိုးများသွင်းယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဂိုးသွင်းနိုင်သည့်ကစားသမားများခြင်းက ပြိုင်ဘက်များအပေါ် အခက်တွေ့စေနိုင်ပါသည်။ ထို့အပြင် တစ်ဖက်အုပ်စုတွင် ခြေစွမ်းပြနေသော ဗီယက်နမ်နှင့်ပြိုင်ပွဲမတိုင်ခင် ဗီယက်နမ်ကွင်း၌ သွား၍ခြေစမ်းရာ သရေကျ ထား၍ ခြေစွမ်းမကွာဟဟု သုံးသပ်ရသည်။

သို့သော် မြန်မာအသင်းအနေဖြင့် တိုက်စစ်ပိုင်း၌ ဂိုးများရရှိ နေသော်လည်း ရရှိသည့်အခွင့်အရေးများကို အသုံးချနိုင်ခွင့်နှင့်အဆုံးသတ်အားနည်းမှုများရှိနေပြီး အကြိုဗိုလ်လုပွဲစဉ်၌ အုပ်စုပွဲစဉ်များထက် အဆုံးသတ်ပိုတိကျရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာအသင်းပရိသတ် ကိုမိုးအောင်ကပြောကြားသည်။

‘‘အကြိုဗိုလ်လုပွဲမှာ ထိုင်း၊ဗီယက်နမ်ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အုပ်စုပွဲစဉ်တွေလောက်တော့ ဂိုးသွင်းခွင့်ရဖို့ မသေချာတော့ပါဘူး။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အကြိုဗိုလ်လုပွဲမှာရရှိခဲ့တဲ့အခွင့်အရေးတွေကို ပိုင်နိုင်စွာ  အသုံးချနိုင်ဖို့ လိုအပ်ပါတယ်’’ဟု အားကစားကလောင်ရှင်အလင်းဖြူက သုံးသပ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းမတိုင်မီ ပြင်ဆင်မှုကာလက ခြေ စမ်းပွဲများ၌ ထိုင်း ယူ-၂၃အသင်း ကို ၄-၀ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ဗီ ယက်နမ် ယူ-၂၃အသင်းနှင့် နှစ်ဂိုးစီ သရေကျထားသည်။

‘‘မြန်မာ ယူ-၂၃ အသင်းအနေနဲ့ အကြိုဗိုလ်လုပွဲမှာထိုင်းအသင်းနဲ့ တွေ့မယ်ဆိုရင် ပိုရုန်းကန်ရမယ့်အခြေအနေရှိပါတယ်။ နောက်ပြီး မြန်မာအသင်းရဲ့ကြံ့ခိုင်မှုအနေအထားကလည်းအကြို ဗိုလ်လုပွဲမှာ အကောင်းဆုံးအနေအထားရှိနေဖို့လိုအပ်ပါတယ်’’ဟု ဟံသာဝတီအသင်း အထွေထွေမန်နေဂျာဦးထွန်းထွန်းလင်းက သုံးသပ်သည်။

မြန်မာ ယူ-၂၃အသင်း နည်းပြချုပ်ဦးကြည်လွင်က အုပ်စုသုံးပွဲဆက်အနိုင်ကြောင့် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲအတွက် ယုံကြည်မှု ပိုရရှိလာကြောင်းနှင့် စင်ကာပူရောက် မြန်မာပရိသတ်များ၏အားပေးမှုကြောင့်လည်း အသင်းယုံ ကြည်မှုပိုတိုးတက်လာကြောင်းဆိုထားသည်။

‘‘စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃အသင်းအတွက် တကယ်မှတ်ကျောက်တင်မယ့် ပွဲစဉ်ကတော့ အကြိုဗိုလ်လုပွဲစဉ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်စုအဆင့်တွေမှာ ကစားခဲ့ရတဲ့ အသင်းတွေက လက်ရှိအရမ်းတောင့်တင်းတဲ့အသင်းတွေမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းက အကောင်းဆုံးပုံစံနဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ချီးကျူးရမှာပါ။ ဘောလုံးကို  ဗျူဟာကျကျကိုင်ကစားတတ်တဲ့ထိုင်း၊ မြန်နှုန်းမြင့်တင်ကစားတတ်တဲ့ ဗီယက်နမ်အသင်းတွေနဲ့တွေ့ဆုံမယ့် အကြိုဗိုလ်လုပွဲစဉ်တွေက ခက်ခဲနိုင်ပေမယ့် နည်းပြဦးကြည်လွင်ဦးဆောင်တဲ့ မြန်မာအသင်းကလည်း တစ်ခုခုလုပ်ပြလိမ့်မယ်လို့မျှော်လင့်ထားပါတယ်’’ဟု အလင်းဖြူကဆိုသည်။

မည်သို့ပင်ဖြစ်စေ အိမ်ရှင်ပြုလုပ်ခဲ့သည့် ၂၀၁၃ဆီးဂိမ်းပြိုင်ပွဲ၌  မြန်မာလိဂ်မှ နာမည်ကြီးကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၂၃အသင်းက အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း ၂၀၁၅ ဆီးဂိမ်း၌ နာမည်ကြီးဘော လုံးသမားများမပါဝင်သည့် မြန်မာ ယူ-၂၃အသင်းက အကြိုဗိုလ်လုပွဲ တက်ရောက်ရန် စွမ်းဆောင်ထား နိုင်ပြီဖြစ်သည်။ ထို့အပြင် နယူးဇီလန်တွင် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအသင်း ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ချိန်တွင် အများမျှော်လင့်ချက်မထားသည့် ယူ-၂၃အသင်းက ခြေစွမ်းပြနေ၍ ဘောလုံးပရိသတ်များအတွက် ပျော်ရွှင်မှုများစွာရစေသည်။

မြန်မာဘောလုံးအသင်းသည် စင်ကာပူနိုင်ငံက လက်ခံကျင်းပခဲ့သည့် ၁၉၇၃ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ၌ နောက်ဆုံးရွှေတံဆိပ် ရရှိထားသည်။ ထို့အပြင် ၁၉၇၇ ခုနှစ်မှ စတင်ကာအရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အဖြစ်ပြောင်းလဲပြီးနောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၉၃နှင့် ၂၀၀၇ပြိုင်ပွဲတို့၌ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ငွေတံဆိပ်ဆုသာ ရရှိထားသည်။

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ ယူ- ၂၃အသင်းအနေဖြင့် ရှစ်နှစ်အတွင်း ဗိုလ်လုပွဲသို့ ပြန်တက်ခွင့်ရရှိရန် ခက်ခဲမည့်အနေအထားရှိနေသော်လည်း ကြိုးစားမှု၊ စိတ်ဓာတ်ပိုင်းနှင့် လက်ရှိခြေစွမ်းအကောင်း ဆုံးအနေအထားများကအမြင့်ဆုံး စွမ်းဆောင်မှုများကို ဆက်လက်ပြသမည်ဟု ပရိသတ်များက ယုံကြည်မှုပေးနေပြီဖြစ်သည်။

ဗိုလ်ဗိုလ်ဝင်း (7 day)

No comments:

Post a Comment