Thursday, June 11, 2015

ဒေသခံများက ကန့်ကွက်သော်လည်း တမူးမြို့နယ်တွင် ဖုန်းတာဝါတိုင် ဆက်ဆောက်နေခြင်းကြောင့် အစိုးရထံ စာတင်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ဈေးတန်း (၁၀)ရပ်ကွက်တွင် အူရီးဒူး ဖုန်းကုမ္ပဏီအတွက် တာဝါတိုင် တည်ဆောက်နေခြင်းကို ဆက်လက်မတည်ဆောက်ရန် တားမြစ်သော်လည်း လုပ်ကိုင်နေ သောကြောင့် ဒေသခံ ၁၀၀ ကျော်က လက်မှတ်ထိုး၍ နိုင်ငံတော် သမ္မတ အပါအဝင် ဝန်ကြီးဌာန အသီးသီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဇွန်လ ၁၀ ရက်တွင် တိုင်ကြားလိုက်ပြီဟု တမူးမြို့ဒေသခံ တစ်ဦးဖြစ်သူ ကိုခင်မောင်လွင်က မဇ္ဈိမကို ပြောသည်။
တာဝါတိုင် စတင်တည်ဆောက်စဉ်ကပင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး တို့ထံသို့ ကန့်ကွက်စာ နှစ်ကြိမ်ပို့ထားသော်လည်း တားဆီးပေးခြင်း မရှိဟု ၎င်းက ဆိုသည်။


ထိုသို့ တာဝါတိုင် တည်ဆောက်နေခြင်းကို ကန့်ကွက်ရခြင်းမှာ အဆိုပါဒေသရှိ အိန္ဒိယနိုင်ငံ တောင်လွန်းရွာ၊ ပြည်တွင်းရှိ နန့်မွန်တားရွာတို့တွင် မိုးကြိုးထိမှန်ပြီး တာဝါတိုင်များ ပြိုလဲခြင်း ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ကိုခင်မောင်လွင်က "ကျွန်တော်တို့က သဘာဝဘေးအန္တရာယ်တို့ မိုးကြိုးအန္တရာယ်တို့ဖြစ်မှာ စိုးရိမ်လို့ ကန့်ကွက်ရတာပါ။ လူနေရပ်ကွက်တွေနဲ့ ဝေးတဲ့နေရာမှာ လုပ်ရင် ဘာမှကန့်ကွက်စရာ မလိုပါဘူး။ သက်ဆိုင်ရာကို အကြောင်းကြားပေမဲ့ ဘာမှလုပ်မပေးလို့ အခုလို ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ရတာပါ" ဟု ပြောသည်။

တာဝါတိုင် တည်ဆောက်ခြင်းကို ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၂ ရက်တွင် စတင်တည်ဆောက် ခဲ့ပြီး ၂၅ ရက် မှစတင်၍ ကန့်ကွက်စာ တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အူရီးဒူးမြန်မာ၏ အကြီးတန်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညိုက "တာဝါတိုင် တည်ဆောက်တာက ကျွန်မတို့နဲ့မဆိုင်ပါဘူး။ တည်ဆောက်တဲ့ ကုမ္ပဏီကို အပ်လိုက်တာပါ။ တည်ဆောက်တဲ့ကုမ္ပဏီနဲ့ပဲ ဖြေရှင်းရမှာပါ။ အခုလို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း တနင်္လာနေ့  (ဇွန် ၈ ရက်) ကမှ သိရတာပါ။ ရုံးချုပ်ကို တင်ပြပေးမှာပါ။ တာဝါတိုင် ဆောက်တော့မယ်ဆို အားလုံးနဲ့ ညှိနှိုင်းအဆင်ပြေမှ တည်ဆောက်ရမှာပါ" ဟု မဇ္ဈိမ ကို ပြောသည်။

ထိုသို့ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံတွင် တိုင်ကြားပြီး တစ်ပတ်အတွင်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပါက ဒေသခံများက ဆန္ဒပြရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ဦးဆောင်မည့်သူ တစ်ဦးဖြစ်သည့် ဦးတင်ကျော် က ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ တမူးခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

တမူးမြို့တွင် မြန်မာ့ဆက်သွယ်ရေး MPT တစ်မျိုးတည်းသာ အသုံးပြုနေရပြီး အူရီးဒူးနှင့် တယ်လီနောက ယခုမှ စတင်၍ တာဝါတိုင်များ တည်ဆောက်နေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
mizzima

No comments:

Post a Comment