Friday, June 12, 2015

မြန်မာ့စီးပွားရေးဂယက် ဘယ်သူ့ကြောင့်ဖြစ်တာလဲ

ရွှေဈေးတွေတက်နေတယ်ကြားတယ်၊ ဒေါ်လာဈေးတွေလဲ အရမ်းထိုးတက်လာတယ်လို့ပြောနေကြတယ်၊ ကျွန်မတို့က တော့ ရွှေတွေဒေါ်လာတွေနဲ့မဆိုင်တော့ တိတိကျကျလဲမသိရပါဘူး။ ဒါပေမယ့်ဆန်ဈေး၊ ဆီဈေးတွေနဲ့စားသောက်ကုန် တွေဈေးမတက်ပါစေနဲ့လို့တော့ဆုတောင်းနေရတယ်။ အဲဒါတွေသာ ဈေးလိုက်တက်ရင် ကျွန်မတို့တွေ ဒုက္ခရောက်ရမှာ ဟု လှိုင်သာယာမြို့နယ်တွင် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုနေသော ဒေါ်အေးတင်၏ငြီးတွားပြောဆို လိုက်သည့်စကားသံက မြန်မာ့စီးပွားရေးဂယက်အတွင်းမှာ မြေဇာပင်ဖြစ်သွားနိုင်သည့် အခြေခံလူတန်းစားပြည်သူတို့၏ စိုးရိမ်မှုကို အထင်းသားပေါ်လွင်စေခဲ့သည်။

ယနေ့မြန်မာ့စီးပွားရေးဂယက်လှိုင်းပြင်းထန်လာမှုနှင့်အတူ အမေရိကန်ဒေါ်လာဈေးအတက်အကျ တစ်ရှိန်ထိုးမြင့်တက် လာမှုကြောင့် ဇွန်လ ၁၀ရက် နံနက်ပိုင်းတွင် ပြင်ပဈေးကွက်၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူအများစုက ဒေါ်လာအရောင်း ပိတ်ထားခဲ့ရသည်အထိဖြစ်ခဲ့ရပြီး လက်ရှိမြန်မာ့ရွှေဈေးမှာလည်း စံချိန်တင်ဈေးနှုန်း ( ကျပ် ၈ သိန်း) ထိ ရောက်ရှိသွား ခဲ့ခြင်းကြောင့် အခြေခံလူမှုသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ဈေးနှုန်းများပါ တစ်ရှိန်ထိုးမြင့်တက်လာမလားဟူ၍ ပြည်သူအများ စိတ်သောကရောက်နေကြရသည်။
အစိုးရအနေဖြင့် ငွေကြေးကျဆင်းမှုကို ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း ပြည်တွင်းဈေးကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုးသည် မြင့်တက်မြဲဆက်လက်မြင့်တက်နေကြောင်းတွေ့ရှိရသည်။ ပြင်ပဈေးကွက်တွင် ငွေလဲနှုန်းမြင့် တက်နေ မှုကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ဇွန်လ ၉ရက် မွန်းလွဲပိုင်း အချိန်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁,၁၀၅ထိ သတ်မှတ်ထားခဲ့ပြီး ပြည်တွင်းဒေါ်လာအ၀ယ်ဈေးကွက်မှာလည်း ၁၂၀၀ ကျော်ထိမြင့် တက်လာခဲ့သည်။
ထို့အတူ မြန်မာ့ငွေးကြေးဈေးနှုန်းတစ်ရှိန်ထိုးကျဆင်းခဲ့မှုကြောင့် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အကယ်ဒမီမီးလင်း ရွှေဈေးနှုန်းမှာ အမြင့်ဆုံးစံချိန်တင်ဈေးနှုန်း ကျပ် ၈သိန်း မြင့်တက်သွားခဲ့ပြီး ညနေပိုင်းတွင် ၆ သောင်းခန့် ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ပြီး ယနေ့ရွှေဈေးနှုန်းမှာ ၇ သိန်း ၅ သောင်းခန့်တွင် ရှိနေခြင်းက မြန်မာ့စီးပွားရေးဂယက် လှိုင်းကို စီးပွားရေးပညာရှင်များအပါအ၀င် ပြည်သူအားလုံးကိုအံ့အားသင့်စေခဲ့ရသည်။
ယခုအခါတွင် မြန်မာ့ငွေကြေးကျဆင်းမှု၏ ဂယက်ကြောင့် ရွှေဈေးနှင့် ဒေါ်လာဈေးတစ်ရှိန်ထိုးမြင့်တက်လာမှုက မြန်မာ့ ကုန်ဈေးနှုန်းကိုပါ ဂယက်ရိုက်ခတ်လာမလားဟုရင်မောစွာ စောင့်ကြည့်နေရကြောင်း စီးပွားရေးပညာရှင်တစ်ဦးကဆို သည်။ ဗဟိုဘဏ်က ဒေါ်လာတွေကို ထုတ်တော့ရောင်းပေးနေတယ်။ ဒါပေမဲ့ လိုသလောက်မရောင်းနိုင်လို့ အခုလို ဈေးတက်နေတာပါ။
အစိုးရအနေနဲ့က ငွေကြေးအသစ်ရိုက်ထုတ်မှုတွေလုပ်ပြီး ကစားမှုတွေလည်းရှိတာပေါ့၊ ၀န်ထမ်းတွေ လစာတိုးလိုက်တာကလည်း ဒီဂယက်အစလို့ပြောရလိမ့်မယ်၊ အဆင့်သင့်မဖြစ်သေးဘဲ လုပ်လိုက်တဲ့သဘောပေါ့၊ အဓိက ကတော့ အခြေခံလူတန်းစားတွေကို ထိခိုက်မှုမဖြစ်အောင် ဘယ်လိုထိန်းမလဲဆိုတာအရေးကြီးပါတယ် ဟု မြန်မာ နိုင်ငံ ဘဏ်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလို မြန်မာ့စီးပွားရေးဂယက်ဖြစ်ပေါ်လာရခြင်း၏ ပြဿနာအစသည် အစိုးရ၏ ၀န်ထမ်းလစာတိုးမြှင့်လိုက်ခြင်းနှင့် သက်ဆိုင်သည်ဟု ဝေဖန်သုံးသပ်မှုများရှိလာခဲ့ပြီးနောက် ထိုကဲ့သို့ လစာတိုးရန်အတွက် မဆင်မခြင်ဖိအားပေး တောင်း ဆိုခဲ့သူ လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းမှာလည်း အဓိကတရားခံတစ်ဦးဖြစ်လာခဲ့သည်ဟု နိုင်ငံရေး၊ စီးပွားရေး အသိုင်း အ၀ိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့သည်။
“ အခု စီးပွားရေးဂယက်ဖြစ်နေတယ်၊ ဒါက နိုင်ငံရေးဂယက်ကစတာပဲ၊ အဓိကကတော့ ၀န်ထမ်းလစာကိုတိုးခဲ့တာကစ တာပေါ့၊ အစိုးရကလည်း ဒါကိုအဆင်သင့်မဖြစ်သေးကြောင်း ခဏခဏပြောတယ်၊ ဘဏ္ဍာရေးဝန်ကြီး ကိုယ်တိုင် လွှတ်တော်မှာ ရှင်းပြခဲ့တာပဲလေ၊ ဒါကိုလွှတ်တော်က လက်မှမခံဘဲ၊ ငွေကြေးစီးဆင်းမှု နားမလည်၊ အရှည်မစဉ်းစား နိုင်ငံရေးတစ်မျက်နှာတည်းကြည့်ပြီး အစိုးရကို ဖိအားပေးခဲ့တာ တွေ့ရတာပေါ့၊ တကယ်တမ်း လစာတိုးပြီးတော့ ၀န်ထမ်း အရာရှိ တွေကတော့ မဆိုသလောက် အဆင်ပြေသွား တယ်ဆိုပေမယ့် အောက်ခြေ၀န်ထမ်း၊ လက်လုပ်လက်စားနဲ့ အောက်ခြေပြည်သူတွေက အခြေခံလစာနဲ့ တိုက်ပွဲဝင်နေရတုန်းပဲလေ၊ အခုထိအဆင်မှမပြေတာ၊ လွှတ်တော်အမတ် တွေကတော့ ၁၀ သိန်းရတော့ အေးအေးဆေးဆေးဖြစ်တာပေါ့” ဟု မန္တလေးမြို့မှပွဲရုံလုပ်ငန်းရှင် တစ်ဦးကပြောသည်။
ယခုအခါတွင် ပြည်ထောင်စုလွှတ်တော်၏ တိုက်တွန်းချက်ကြောင့် ၀န်ထမ်းလစာများတိုးမြင့်လာခဲ့သော်လည်း အောက်ခြေ ၀န်ထမ်းများ၊ လက်လုပ်လက်စားနှင့် အခြေခံပြည်သူလူထု၏ စားဝတ်နေရေးအခက်အခဲများမှာ ပြေလည် မရှိသေးကြောင်း တွေ့ရှိရသည်။ တိုးမြှင့်ပေးခဲ့သည့် လစာနှုန်းထားများမှာလည်း အောက်ခြေ၀န်ထမ်းများအတွက် တက်ရိပ်ပြနေသော ကုန်ဈေးနှုန်းများကြောင့် အဆင်ပြေလောက်ငှမှု မရှိဖြစ်လာကြောင်းကို အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှ ကြားသိရသည်။
လက်လုပ်လက်စား အခြေခံလူတန်းစားများ အနေဖြင့် မြေနိမ့်ရာလှံစိုက်ခံဆိုသလို စီးပွားရေးဂယက်၏ရိုက်ခတ်မှုဒဏ်ကို အလူးအလဲခံရတော့မည်လားဟု စိုးရိမ်စရာဖြစ်လာခဲ့သည်။
လွှတ်တော်အနေဖြင့် တိုင်းပြည်၏အခြေအနေမှန်ကို မလေ့လာမစဉ်းစားဘဲ နိုင်ငံရေးအမြတ်ထုတ်လိုသည့် အကြံဥာဏ် တစ်ခုတည်းဖြင့်သာ ဖိအားပေးဆောင်ရွက်ခဲ့သော လစာတိုးမြှင့်မှုပြဿနာသည် ယခုအခါတွင် စီးပွားရေးဂယက် တစ်ခု အဖြစ်သို့ ပြောင်းလဲခဲ့သည်။ မြင့်မားလှသော လစာကိုပိုင်ဆိုင်ထားသည့် လွှတ်တော်အမတ်များ အနေဖြင့်ကတော့ ကုန်ဈေးနှုန်းမြင့်တက်ခြင်းဂယက်ကို ခုခံနိုင်သေးသော်လည်း အခြေခံလူမှုဘ၀ကိုဖန်တီးနေရသည့် အောက်ခြေပြည်သူ များအနေဖြင့်ကတော့ မနက်ဖြန် ဆန်ဈေးတက်တော့မည်လားဆိုသည်ကို ရင်တစ်မမဖြင့်သာစောင့်မျှော်နေရပါကြောင်း။
ဝေမင်းထက်
Today Myanmar

No comments:

Post a Comment