Sunday, June 14, 2015

ရွှေ့ပြောင်းအခြေချများကို နေရပ်နိုင်ငံသို့ပြန့်ပို့ရန် ဒေသခံရခိုင်များက အစိုးရကို တိုက်တွန်း


ပင်လယ်ပြင်မှ ကယ်ဆယ်ကာ ရခိုင်ပြည်နယ်တွင် ခေတ္တခိုလုံခွင့်ပေးထားသည့် ရွှေ့ပြောင်းအခြေချသူ အားလုံးကို ချက်ချင်း နေရပ်ပြန်ပို့ရန် ရခိုင်ပြည်နယ်ရှိ ဒေသခံများက လိုလားနေသည်။
ဒေသခံအချို့က ရွှေ့ပြောင်းအခြေချများ မြန်မာနိုင်ငံတွင် ရက်အကန့်အသတ်မရှိ နေထိုင်သွားမည်ကို စိုးရိမ်နေကြသည်။ ဒေသခံများက ၎င်းတို့သဘောမတူကြောင်း အများသိစေရန်အတွက် တနင်္ဂနွေနေ့ (ဇွန် ၁၄)တွင် ရခိုင်ပြည်နယ်တွင် ဆန့်ကျင်ဆန္ဒပြရန်လည်း စီစဉ်ထားကြသည်။

မြန်မာအစိုးရက ပြီးခဲ့သည့်လက ပင်လယ်ပြင်တွင် လေလွင့်နေသည့် ရွှေ့ပြောင်းအခြေချ ၉၀၀ကျော်ကို ကယ်ဆယ်ခဲ့ပြီး၊ ယာယီဒုက္ခသည်စခန်းများတွင် ခိုလှုံခွင့်ပေးထားသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အခြားသူများပါဝင်သည့် ရွှေ့ပြောင်းအခြေချများမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းလို နိုင်ငံများသို့ ရောက်ရှိရန် မျှော်လင့်နေကြသည်။.

အစောပိုင်းက ရွှေ့ပြောင်းအခြေချ ၁၅၀ကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေးခဲ့ပြီး ဒုတိယအသုတ်အဖြစ် ၃၇ဦးကိုလည်း ထပ်မံပို့ဆောင်တော့မည် ဖြစ်သည်။ ကျန်လူများ မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ စစ်ဆေးခွဲခြားဆဲပင်ဖြစ်သည်။ ရခိုင်အစိုးရကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသူများကို နေရပ်နိုင်ငံသို့ ချက်ချင်းပြန်ပို့နိုင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သော်လည်း ဒေသခံရခိုင်များကမူ စိတ်မရှည်နိုင်ဖြစ်နေကြသည်ဟု ဆိုသည်။

ဆန္ဒပြပွဲကို စည်းရုံးကျင်းပသည့် အောင်ဌေးဆိုသူကမူ ''လှေစီးဒုက္ခသည်တွေကို သူတို့ရဲ့ နေရင်းနိုင်ငံကို အခုချက်ချင်းပြန်ပို့ပါ။ ကျွန်တော်တို့ရဲ့ ပြည်နယ်ကို မဖျက်ဆီးပါနဲ့''ဟု ပြောကြားသည်။ အကယ်၍ ရွှေ့ပြောင်းအခြေချများကို နိုင်ငံက လက်ခံလိုက်ပါက နောက်ထပ်လည်း ရောက်လာဦးမည်ဖြစ်ပြီး ပြဿနာ ပိုမိုကြီးထွားလာလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အများစု ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာတစ်သန်းနီးပါးခန့်ကို မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်မပြုချေ။ မြန်မာနိုင်ငံက ၎င်းတို့ကို ဘင်္ဂါလီများဟုသာ ခေါ်တွင်ပြီး သတ်မှတ်ထားသည့် နေရာများတွင်သာ နေထိုင်စေကာ ထိန်းချုပ်ကန့်သတ်မှုများလည်း ခံနေရသည်။ ယခုဆန္ဒပြပွဲကိုလည်း ရခိုင်ပြည်နယ်အစိုးရက ထောက်ခံသည့်သဘောဖြစ်နေသည်။

''ကျွန်တော်တို့ စိတ်ထိခိုက်ရတယ်။ အသည်းနှလုံးကို အပ်နဲ့ဆွသလို နာကျင်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒေသခံပြည်သူတွေဟာ လုံခြုံဘေးကင်းနေကြပြီး၊ ဒီရွှေပြောင်းအခြေချတွေကို လှေစီးဒုက္ခသည်တွေအနေနဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့်ပေးထားတာတောင်မှပဲ နိုင်ငံတကာအသိုင်းအ၀ိုင်းက အဖြစ်မှန်ကို လျစ်လျူရှုပြီး ကျွန်တော်တို့ကြောင့်ပဲ ပြဿနာဖြစ်ရတယ်ဆိုပြီး မြန်မာအပေါ်မှာပဲ လက်ညှိုးဝိုင်းထိုးနေကြတယ်။ ဒါ့ကြောင့် ဒေသခံလူထုတွေ ဆန္ဒပြနေကြတာပါ''ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်မောင်အုန်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရကမူ ရွှေ့ပြောင်းအခြေချပြဿနာအတွက် တာဝန်တစ်စုံတစ်ရာရှိကြောင်းကို ငြင်းဆန်ထားပြီး လိုအပ်သော လူသားချင်းစာနာမှု အထောက်အကူများ ပေးအပ်နေကြောင်းသာ ပြောကြားနေခဲ့သည်။

REF : CNA

No comments:

Post a Comment