Sunday, July 26, 2015

အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချသည့် ပညာဒါနကျောင်း ပိတ်ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးပြော ဟုဆို

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကန်သုံးဆင့် ပြည်ထောင်စုလမ်းမကြီး အနီးရှိ အာဇာနည်ပန်းခြံတွင် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေ ချခဲ့သည့် ပညာဒါနကျောင်းကို ပိတ်ပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအဖွဲ့က ဇူလိုင်လ ၂၃ ရက်က လာရောက်ပြောဆိုခဲ့ကြောင်း Changing ပညာဒါန ကျောင်းအကျိုးဆောင်အဖွဲ့ ထံမှ သိရသည်။

အမှတ် (၉) အုပ်ချုပ်ရေးနယ်မြေ၏ ဓမ္မာရုံတွင် ဖွင့်လှစ်ထားသော Changing အခမဲ့ ပညာဒါနကျောင်းမှ ဆရာများနှင့် ကျောင်းသား ကျောင်းသူများသည် ပြီးခဲ့သော အာဇာနည်နေ့က အမှတ် (၉) နယ်မြေအုပ်ချုပ်ရေး အဖွဲ့သို့ သတင်းပေးပို့ခြင်း မရှိဘဲ မိမိတို့အစီအစဉ်ဖြင့် တက်ရောက်၍ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေ ချခဲ့သည့်အတွက် ယခုကဲ့သို့ ကျောင်းကိုပိတ်ပေးရန် လာရောက် ဖိအားပေး ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အုပ်ချုပ်ရေးမှူး ဦးအေးမော်နဲ့ အဲဒီရုံးကလူတွေ ကျောင်းကို ရောက်လာပြီး ဒီမှာတက်နေတဲ့ ကျောင်းသားစာရင်းကို တောင်းတယ်။ ကျွန်တော်တို့က ဘာအတွက်ပေးရမှာလဲ မေးတော့ သူတို့က ပြန်မပြောဘဲ အာဇာနည်နေ့ စည်းမဲ့ကမ်းမဲ့ လုပ်တာ။ မင်းတို့က ဘာအဆင့်ရှိလို့လဲ။ ကျောင်းပိတ်ပေးပါလို့ ပြောတယ်။ ကျွန်တော်တို့က အာဇာနည်ခေါင်းဆောင် ကြီးတွေကို လေးစားလို့ လွမ်းသူ့ပန်းခွေ ချတာ။ အလေးသွားပြုတာ။ မကောင်းတာလုပ်တာ မဟုတ်လို့ မပိတ်နိုင်တဲ့ အကြောင်းပြောတော့ သူတို့က အားလုံးကို ခုပဲ ဖမ်းတော့မယ့်အတိုင်း ပြောသွားတယ်” ဟု Changing ပညာဒါနကျောင်း တာဝန်ခံဆရာ ဦးထက်ပိုင်ဖြိုးက ပြောဆိုသည်။
၎င်းတို့ကျောင်းမှာ ၂၀၁၃ ခုနှစ် ကျောင်းစတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ကျောင်းသား ကျောင်းသူများကို စေတနာ့ဝန်ထမ်း ဆရာများ ကြီးကြပ်ကာ အာဇာနည်နေ့ရောက်တိုင်း မည်သူ့ခွင့်ပြုချက်၊ မည်သူ့တိုက်တွန်းချက် မျှမပါ လွမ်းသူ့ပန်းခွေ ချခဲ့ကြောင်း၊ တိုင်းပြည်၏ လေးစား အားကျဂုဏ်ယူစရာ၊ အတုယူစရာသူတို့ကို အမှတ်ရ သိရှိစေလို၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ပညာရေး အခက်အခဲရှိနေသော ကလေးငယ်များကို မိမိတို့ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ကာ သင်ကြားပေးနေသည့် ပညာဒါန ကျောင်းများကို အုပ်ချုပ်ရေး တာဝန်ရှိသူများအနေနှင့် ထောက်ပံ့ မပေးသည့်အပြင် အနှောင့်အယှက်မျိုးစုံ ပေးလျက်ရှိကြောင်း ပုသိမ်မြို့ အခမဲ့ ပညာဒါန ကျောင်းများအဖွဲ့မှ ဆရာ ဦးကျော်နန္ဒက မှတ်ချက်ပြု ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဒီကျောင်းပိတ်ဖို့ ညွှန်ကြားတာ မရှိပါဘူး။ အသေးစိတ် ကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မေးကြည့်မှ သိနိုင်ပါလိမ့်မယ်” ဟု ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောဆိုသည်။
ကျောင်းပိတ်ရန် လာရောက်ညွှန်ကြားသည့် ပုသိမ်မြို့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံမေးမြန်းရန် သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရ၍ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
Changing ပညာဒါနကျောင်းသည် ပုသိမ်မြို့တစ်ဖက်ကမ်းရှိ ၉ ရပ်ကွက်နှင့် ၁၀ ရပ်ကွက်မှ ပညာသင်ကြားရန် အခက်အခဲရှိသည့် ၆ တန်း၊ ၇ တန်း၊ ၈ တန်းနှင့် ၉ တန်းမှ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်ကို အခမဲ့ သင်ကြား ပြသပေးနေသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး ပုသိမ်မြို့နယ် အတွင်း၌ ပညာရေး အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများကို အခမဲ့ သင်ကြားပေးနေသည့် အခမဲ့ပညာဒါနကျောင်း ရှစ်ကျောင်းအထိ ဖွင့်လှစ်ထားသည်။

The Voice Weekly

No comments:

Post a Comment