Tuesday, July 14, 2015

သမ္မတဦးသိန်းစိန် ပြည်ခိုင်ဖြိုး ပါတီသို့ ပြန်လာတော့မည် မထင်ဟု သူရဦးအောင်ကိုဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ပြန်လာတော့မည် မထင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တွဲဖက် အတွင်းရေးမှူး (၃) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပပြီးစီးချိန်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် သမ္မတ အနေဖြင့် အမျိုးသား နိုင်ငံရေးသာ ဆက်လက် လုပ်ဆောင်သွားမည် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောခဲ့ခြင်း ဖြစ်သည်။

““သမ္မတကြီးက ပါတီနိုင်ငံရေး မလုပ်တော့ဘူး။ အမျိုးသား နိုင်ငံရေးပဲ လုပ်တော့မယ်လို့ ထင်တယ်။ ပြည်ခိုင်ဖြိုး ပါတီကို ပြန်မလာတော့ဘူးလို့ ထင်ပါတယ်”” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

ထို့ပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသို့ ပြန်လာမည် ဆိုပါက ပါတီမှ လက်ခံသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောသည်။

““သမ္မတကြီးကို ပါတီက လက်ခံမယ် ဆိုလို့ရှိရင် တတိယအကြိမ် ပါတီ ညီလာခံ ကျင်းပရပါမယ်။ အဲဒါကတော့ ၂၀၁၅ အကုန် ၂၀၁၆ အစလောက် ဖြစ်ရပါမယ်။ ကိုယ်စားလှယ်လောင်း စာရင်းကောက်တဲ့ နေရာမှာတော့ သမ္မတက အခုထိ မပါသေးပါဘူး။ သမ္မတကြီးက ဆန္ဒရှိရင် ပါတီက ပြန်လည် အရွေးချယ်ခံရမှာ ဖြစ်ပါတယ်”” ဟု သူရဦးအောင်ကိုက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် ယခုလဆန်းက သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံ ခရီးစဉ်၌ NHK သတင်းဌာနနှင့် သီးခြား တွေ့ဆုံခဲ့စဉ် ဒုတိယ သက်တမ်း ကာလအတွက် ပြည်သူလူထု ထောက်ခံ လိုလားပါက အလေးထား စဉ်းစားမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ယင်းသို့ ထုတ်ဖော် ပြောကြားခဲ့ ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ပြည်တွင်း ခရီးစဉ်တစ်ခုတွင် ပထမဆုံး အနေဖြင့် ၎င်းအား သမ္မတနေရာ ဆက်လက် တာဝန် ထမ်းဆောင်ရန် တောင်းဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကြိုဆိုသည့်ပုံများ ထွက်ပေါ် လာခဲ့သည်။

No comments:

Post a Comment