Tuesday, July 14, 2015

ကျောင်းသားများအား ဖိနှိပ်မှုများ ဆက်လက် ပြုလုပ်နေပါက အကသမှ လမ်းပေါ်ထွက်ရန် အဆင်သင့် ရှိနေဟုဆို

ကျောင်းသားများအား ဆက်လက် ဖိနှိပ်မှုများ ပြုလုပ်နေပါက အခြေခံ ပညာကျောင်းသားများသမဂ္ဂ (အကသ) များ အနေဖြင့် လမ်းပေါ်ထွက်၍ တိုက်ပွဲဝင်ရန် အသင့် ရှိသည်ဟု အကသ ကျောင်းသားများက ပြောကြားလိုက်သည်။

ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မှုကြောင့် ဘိုကလေး မြို့နယ်မှ အကသ ကျောင်းသားများကို ခေါ်ယူသတိ ပေးခံရမှုနှင့် ပတ်သက်၍ အကသများ အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့သည်။

““ကျောင်းသားအရေး၊ ပညာရေးတွေမှာ ဒီထက်မက ပိုမို ဖိနှိပ်လာမယ်ဆိုရင် အကသတွေ အနေနဲ့ လမ်းပေါ် ထွက်သင့်ရင် ထွက်ရမှာပါ။ လမ်းပေါ်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျောင်းတက်ချိန်တွေ ဖြစ်နေတဲ့ အတွက် မထွက်သေးတာပါ။ ကျောင်းသားထု အခွင့်အရေး ထိပါးလာရင် ငြိမ်မနေပါဘူး”” ဟု ရွှေဘိုခရိုင် အကသ ဥက္ကဋ္ဌ ကိုအောင်မင်းခိုင်က ပြောသည်။

ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မှုနှင့် ပတ်သက်၍ ဘိုကလေး မြို့နယ်မှ အကသ ကျောင်းသား (၂၂) ဦးအား ရဲစခန်းတွင် ခေါ်ယူ သတိပေးခဲ့ပြီး လေးဦးမှာ မိဘများပါ ခေါ်ယူ၍ လက်မှတ် ထိုးခဲ့ရကြောင်း သိရသည်။

ထို့ပြင် ကျောင်းသား တစ်ဦးမှာ ပင်နီ လွယ်အိတ် လွယ်မှုကြောင့် ခေါ်ယူ သတိပေးခဲ့သေးကြောင်း သိရသည်။

““ဒီထက် ပိုလာမယ်ဆိုရင် လမ်းပေါ် ထွက်ဖို့ အဆင်သင့်ပဲ။ ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဆွေးနွေးမှုတွေ လုပ်ထား ပြီးသားလည်း ရှိတယ်။ ခုလက်ရှိ ဘိုကလေးမှာပဲ အကသတွေ အပေါ် ဖိနှိပ်မှုတွေ ရှိသေးတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာထိ လွန်လာရင်တော့ ငြိမ်မနေပါဘူး”” ဟု မန်းခရိုင် အကသ ကိုရှိန်းဝေအောင်က ပြောသည်။

ဘိုကလေးမြို့တွင် ဆဲဗင်း ဇူလိုင်နေ့တွင် စတစ်ကာ ကမ်ပိန်းများ ကဗျာ ရွတ်ဆိုမှုများ၊ ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

““ဒီလိုမျိုး ခေါ်ယူ သတိပေးတာ၊ ဖိနှိပ်တာမျိုးတွေက ကျောင်းသား အခွင့်အရေး လူ့အခွင့်အရေး ကိုချိုးနှိမ်တာပါပဲ။ နိုင်ငံသား တစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဟာကို အောက်မေ့တဲ့ အခမ်းအနား လုပ်ခဲ့တာ။ ဆန္ဒပြခဲ့တာ မဟုတ်ဘူး”” ဟု ကိုအောင်မင်းခိုင်က ပြောသည်။

No comments:

Post a Comment