Tuesday, July 14, 2015

မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်နေမှုများကို တားဆီးရန် ဒေသခံအချို့ ကိုယ်ထူကိုယ်ထ အဖွဲ့ ဖွဲ့စည်း

မန္တလေးတွင် ဆိုင်ကယ်ဖြင့် လုယက်ခံရပြီး အသက် ဆုံရှုံးခြင်းများပါ ကြုံတွေ့လာသည့် အတွက် လုယက်မှုများကို တွေ့လျှင် လိုက်လံ တားဆီးရန် မန္တလေးမြို့ ဒေသခံ အချို့ ကဗ္ဘာလေး ဆိုင်ကယ်စီး အကြမ်းဖက် လုယက်မှု တားဆီးရေး အဖွဲ့ကို ဇူလိုင်လ (၈) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ဝင် ကိုဇော်က ပြောသည်။

မန္တလေးမြို့ရှိ တာဝန်ရှိ အဖွဲ့အစည်းများက အဆိုပါ လုယက်မှုများ အပေါ်တွင် ထိထိရောက်ရောက် ကာကွယ် တားဆီးမှု အားနည်း နေသောကြောင့် မန္တလေး ဒေသခံများက ကိုယ်ထူကိုယ်ထ အဖွဲ့အဖြစ် ဆိုင်ကယ်စီး လုယက်သူများကို တားဆီးရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်းနှင့်၊ လုယက်သူများကို တွေ့ရှိပါက လိုက်လံ တားဆီး ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

““လုယက်မှု သတင်းတွေ လုယက်ခံရလို့ အသက်သေဆုံးတဲ့ အထိ ဖြစ်လာတဲ့ သတင်းတွေ ကြားရတော့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြရာကနေ အကောင်အထည်ဖော် ဖြစ်သွားတာ။ လက်ရှိ အရေအတွက်က အဖွဲ့ဝင် ရှစ်ယောက်ပဲ ရှိသေးတယ်။
လုယက်သူတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကြုံသလို မြင်လိုက်တာနဲ့ လိုက်မယ်။ အဓိက လိုအပ်တာက ဆိုင်ကယ်စီး ကျွမ်းကျင်ရမယ်။ ပါဝါမြင့်တဲ့ ဆိုင်ကယ်မှ လိုက်ရတာ အဆင်ပြေမှာကြောင့် လက်ရှိ ပါဝါမြင့်တဲ့ ဆိုင်ကယ်ရှိတဲ့ သူတွေနဲ့ပဲ စရတယ်။ ဖမ်းမိ ရင်သက်ဆိုင်ရာကို အကူအညီတောင်း ဖုန်းဆက်ပေးမယ်။ ဘာလို့ဒီလို တားဆီးတာမျိုး လုပ်ရတာလည်း ဆိုတော့ ပြောရရင် မနေတတ်လို့ပါ”” ဟု ၎င်းကပြောသည်။

““ပြည်သူတစ်ဦး အနေနဲ့ တာဝန်သိသိနဲ့ အခုလို လုပ်တာ အားပေးအားမြှောက် ပြုရမှာပါ။ ဒါပေမဲ့ သူတို့ ဘာသာ လိုက်ဖမ်းတယ်။ တားတယ်၊ ဆီးတယ်၊ ဖမ်းမိတဲ့အခါမှာ ဟိုကပြန်ခုခံလို့ ကိုယ်က ပြန်လုပ်လို့ လက်လွန်သွားရင် တာဝန်သိ ပြည်သူ တစ်ယောက် အနေနဲ့ လုပ်တာတော့ လုပ်တာပဲ။

ဒါပေမဲ့ ကိုယ်က တရားခံပြန် ဖြစ်သွားနိုင်တယ်။ အမှန်က သူတို့အဖွဲ့က ကျွန်တော်တို့နဲ့ ၀ိုင်းဝန်းပြီး ကူညီ ဆောင်ရွက်ရင်တော့ အထောက်အကူ ပိုဖြစ်မယ်။ ပိုကောင်းမယ်ပေါ့”” ဟု မန္တလေးတိုင်း ဒေသကြီး ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က မန္တလေး ဆိုင်ကယ်စီး အကြမ်းဖက် လုယက်မှု တားဆီးရေး အဖွဲ့ ဖွဲ့စည်းခြင်း အပေါ် သူ့အမြင်ကို ပြောသည်။

မန္တလေးမြို့တွင် လုယက်မှုများ ရှိနေခြင်းကြောင့် မန္တလေး ခုနှစ် မြို့နယ်အတွင်း ညပိုင်းနှင့် ညဥ့်နက်ပိုင်း အချိန်များတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အပါအ၀င် အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်စသည့် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သည့် အဖွဲ့ စခန်းတစ်ခုလျှင် နှစ်ဖွဲ့နှုန်းဖြင့် တစ်နေ့လျှင် စုစုပေါင်း အဖွဲ့ (၃၄) ဖွဲ့ဖြင့် ဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်းများ၊ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း လုယက်မှုများ၊ အုပ်စုဖွဲ့ လုယက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် အဖွဲ့အစည်း ပေါင်းစုံဖြင့် ညပိုင်းများတွင် လှည့်ကင်းများ၊ ရှောင်တခင် စစ်ဆေးမှုများကို ဇူလိုင်လ တစ်ရက်နေ့မှ စတင် စစ်ဆေး ဆောင်ရွက်နေသော်လည်း လုယက်မှုများမှာမူ ဆက်တိုက် ဖြစ်ပွားလျက် ရှိနေသည်။

မန္တလေး ခရိုင်အတွင်း ပြီးခဲ့သည့် ခြောက်လအတွင်း လုယက်မှုပေါင်း (၄၀) ကျော် ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများ အရ သိရသည်။

No comments:

Post a Comment