Tuesday, July 28, 2015

ဦးအောင်သောင်း၏ အရိုးပြာ ဝဲလောင်ရွာတွင် ဂူသွင်းမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ အရိုးပြာကို ၎င်း၏ ဇာတိဖြစ်သော တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် ဂူသွင်းမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
“သူရဲ့အရိုးပြာကို သြဂုတ်လ ၂ ရက်နေ့မှာ နောက်ဆုံးဂူသွင်းမှာပါ။ ဝဲလောင်ကျေးရွာမှာရှိတဲ့ သူ့ဇနီးရဲ့ အုတ်ဂူဘေးမှာပါ။ အဲ့ဒီနေ့မှာ ရဟန်းသံဃာ အပါးကိုးဆယ်ကို ပင့်ဖိတ်ပြီး အလှူလုပ်မယ်။ နောက် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ သူရဲ့ဆွေမျိုးသားချင်းတွေ အစုံအလင်နဲ့ နောက်ဆုံးဂူသွင်းခြင်းကို လုပ်သွားဖို့ ရှိပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ ဦးအောင်သောင်း၏ ဇနီး အုတ်ဂူအနီးတွင် ဂူသွင်းမြှုပ်နှံရန် ကာယကံရှင်ကိုယ်တိုင် မကွယ်လွန်မီကတည်းက ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
ထို့အပြင် မြန်မာလူမျိုးတို့၏ ထုံးစံအတိုင်း ဦးအောင်သောင်း နေထိုင်ခဲ့သည့် ရန်ကုန်မြို့ နေအိမ်နှင့် နေပြည်တော်ရှိ နေအိမ်များတွင်လည်း ရက်လည်ဆွမ်းကျွေး အလှူများ ပြုလုပ်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ထပ်လောင်းပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ဇူလိုင် ၂၃ ရက်က စင်ကာပူနိုင်ငံရှိ မောင့်အဲလိစဘတ်ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။
ဦးအောင်သောင်း၏ ဈာပနအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အခြားပါတီခေါင်းဆောင်များ၊ ပြည်ထောင်စုဝန်ကြီးအချို့် တက်ရောက်ခဲ့သည်။
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ်တွင် တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မှော်ဘီဗိုလ်သင်တန်း အပတ်စဉ် (၃၁) သို့ တက်ရောက်ခဲ့ပြီး တပ်မတော်၌ စတင် တာဝန်ထမ်းဆောင်ခဲ့သည်။
ယင်းအပြင် ၁၉၉၃ ခုနှစ်မှ စတင်ကာ ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပြည်ခိုင်ဖြိုးအသင်းတွင် ဗဟိုအတွင်းရေးမှူး တာဝန်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း တာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။
(စိုးမင်းအောင်)
The Voice

No comments:

Post a Comment