Thursday, July 30, 2015

အိန္ဒိယ သမုဒ္ဒရာအတွင်း ကျွန်းတစ်ခုတွင် MH370မှဟု ယူဆရသည့် လေယာဉ်ပျက် အစိတ်အပိုင်းတစ်ခု တွေ့ရှိ

အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်တစ်ကျွန်းတွင် ရေမျောပြီး လာတင်နေသည့် လေယာဉ်ပျက် အစိတ်အပိုင်းသည် MH370 လေယာဉ်မှ ဟုတ်မဟုတ် စစ်ဆေးရန် မလေးရှားမှ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခု ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ကနဦး စစ်ဆေးမှုများအရ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်း၏ ကမ်းခြေတွင် လာတင်နေသည့် အစိတ်အပိုင်းသည် Boeing 777 လေယာဉ်တစ်စီးမှ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။ ၂၀၁၄ ခုနှစ်၊ မတ် ၈ ရက်က မလေးရှားမှ တရုတ်သို့ ဦးတည်ပျံသန်းစဉ် လူပေါင်း ၂၃၉ ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်သည်လည်း Boeing 777 အမျိုးအစား ဖြစ်သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် အမှုထမ်း ၁၂ ဦး လိုက်ပါသွားပြီး ခရီးသည်များအနက် တရုတ်နိုင်ငံသား ၁၅၃ ဦးထိ ပါဝင်ခဲ့သည်။ ဇူလိုင် ၂၉ ရက် ညနေပိုင်းကမူ မဒါဂါစကာ အရှေ့ဘက် ကီလိုမီတာ ၆၀၀ မျှ အကွာရှိ ကျွန်းငယ်တွင် ၂ မီတာမျှ အရှည်ရှိသည့် လေယာဉ်ပျက် အစိတ်အပိုင်း တစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

MH370 လေယာဉ်သည် လမ်းကြောင်းပြောင်း ပျံသန်းပြီး ဩစတြေးလျနိုင်ငံ မြောက်ဘက်ပိုင်း အိန္ဒိယ ပင်လယ်အတွင်း ပျက်ကျသွားခဲ့သည်ဟု ယူဆရပြီး ယင်းနေရာတွင် ဖြန့်ကျက် ရှာဖွေမှုများ ပြုလုပ်နေသည်။ ရှာဖွေရေးဇုန်သည် ပြင်သစ်ပိုင် ရီယူနီယံကျွန်း၏ အရှေ့ဘက် ကီလိုမီတာ ၆၀၀၀ မျှထိ ကွာဝေးပြီး အာဖရိကတိုက် အရှေ့ဘက် ကမ်းလွန်တွင် ရှိနေကြောင်း သိရသည်။

ရီယူနီယံနှင့် အနီးတဝိုက်တွင် လေယာဉ်ပျက်ကျမှုများ ရှိခဲ့ဖူးသော်လည်း အဆိုပါဇုန်တွင် Beoing 777 လေယာဉ်တစ်စီး ပျက်ကျခဲ့ခြင်းမှာမူ MH370 တစ်စီးသာ ရှိသည်။ လေယာဉ်သည် အကြောင်းရင်းမသိ ပျောက်ကွယ်သွားခြင်း ဖြစ်သော်လည်း လေကြောင်းလိုင်းကမူ ပျက်ကျသွားခြင်းဟု အတည်ပြု ကြေညာထားသည်။

ယခုတွေ့ရှိသော အစိတ်အပိုင်းသည် Boeing 777 လေယာဉ်တစ်စီး၏ တောင်ပံမှ ပဲ့ထိန်းစနစ် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားသည်။ လတ်တလောတွင် ရီယူနီယံကျွန်းရှိ ပြင်သစ် အာဏာပိုင် အဖွဲ့အစည်းများက ရှာဖွေတွေ့ရှိသည့် လေယာဉ်ပျက် အစိတ်အပိုင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရသည်။

MH370 ရှာဖွေရေးကို တာဝန်ယူထားသည့် ဩစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံမှုဗြူရို အကြီးအကဲ မာတင်ဒိုလန်က ယခုအစိတ်အပိုင်းသည် MH370မှ ဖြစ်နေသည့်တိုင် မိမိတို့၏ လက်ရှိ ရှာဖွေရေးဇုန်ကို ပြောင်းလဲဖြစ်မည် မဟုတ်ဟု ဆိုသည်။ “ဖြစ်နိုင်တာ တစ်ချက်က ရေစီးကြောင်းမှာ ပါသွားတာမျိုး၊ အကြောင်းတစ်ခုခုကြောင့် အဝေးကြီးကို ရောက်သွားတာ ဖြစ်နိုင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

အကယ်၍ ယခုတွေ့ရှိသည့် အစိတ်အပိုင်းသည် MH370မှဖြစ်ကြောင်း အတည်ပြုနိုင်ပါက လေယာဉ်သည် မြောက်ကမ္ဘာခြမ်းဘက် ပျံသန်းသွားခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆချက်များကိုပါ အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်သွားစေမည်ဟုလည်း ဒိုလန်က ပြောကြားသွားသည်။

_Ref: CNN

No comments:

Post a Comment