Wednesday, August 26, 2015

လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်


သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။
KNU အဖွဲ့ရဲ့ ကိုယ်စား နော်စီဖိုးရာစိန် ပြောတာဖြစ်တဲ့အတွက် အားလုံးအံ့အားသင့်ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KNU ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဖထီးမူတူးဆေးဖိုး ကိုယ်တိုင် လက်မှတ်ထိုးပါမယ်လို့ တရားဝင် ထုတ်ပြန် ခဲ့တာပါ။ အခု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဖထီး မူတူးဆေးဖိုးနဲ့ ဆန့်ကျင်ဘက်ကို ပြောလာတယ်။ KNU အဖွဲ့ရဲ့ သြဇာသက်ရောက်မှုဟာ ဖထီး မူတူးဆေးဖိုး လက်ထဲမှာလား၊ နော်စီဖိုးရာစိန် လက်ထဲမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိ KNU ဥက္ကဋ္ဌ က ဖထီးမူတူးဆေးဖိုးဖြစ်တဲ့အတွက် ဖထီးရဲ့ ပြောစကားကိုသာ အတည်ယူရမှာပါ။

နော်စီဖိုးရာစိန်ကတော့ SD ခေါင်းဆောင်တစ်ယောက်အနေနဲ့ NCA မှာ လက်နက်ကိုင်အားလုံး ပါဝင်မှ KNU လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကို သူတစ်ယောက်တည်းအမြင်နဲ့ ပြောတာ ဖြစ်ပါလိမ့်မယ်။ KNU အဖွဲ့ကတော့ ဖထီးမူတူးဆေးဖိုးရဲ့ စကားကိုသာ အတည်မှတ်ယူပါတယ်။ နော်စီဖိုးရာစိန်ဟာ ဖထီးမူတူးဆေးဖိုးရှေ့က လက်နဲ့ရေးထားတာကို နောက်ကနေ ခြေနဲ့ လိုက်ဖျက်ဖို့ ကြိုးစားနေတာ တွေ့ရတော့ အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကရင်ပြည်နယ်နဲ့ ကရင်လူမျိုးတွေအတွက် နော်စီဖိုးရာစိန် ထည့်မတွက် ခဲ့တာလား၊ ဒါမှမဟုတ် SD ခေါင်းဆောင်နေရာရသွားလို့ မာန်တက်သွားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါပြီ။
ဒေသခံ ကရင်တိုင်းရင်းသားတွေကတော့ KNU အပစ်ရပ်လက်မှတ် ထိုးတာကို ထောက်ခံကြပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ဝေးကွာခဲ့တဲ့ ငြိမ်းချမ်းရေးကို ပြန်ရခဲ့တာ မကြာသေးတဲ့အတွက် ထပ်ပြီး အဆုံးရှုံးမ ခံနိုင်ပါဘူး။ KNU အနေနဲ့ ထိုးလိုက်တာ အကောင်းဆုံးပဲ။ တခြားအဖွဲ့တွေ ထိုးတာ မထိုးတာ သူတို့ သမိုင်းပဲလေ။ နော်စီဖိုးရာစိန် အနေနဲ့ KIO/KIA ကြိုးဆွဲရာ ကတဲ့ ရုပ်သေးရုပ်ဖြစ်မှန်းမသိ ဖြစ်နေတာကို အချိန်မနှောင်းခင် အသိတရားရစမ်းပါ။ SD ခေါင်းဆောင်အဖြစ် ရွေးချယ်ကတည်းက KIO/KIA ခေါင်းဆောင်တွေဟာ နော်စီဖိုးရာစိန်ကို အသုံးချပြီး လူမိုက်ငှားလိုက်ပြီဆို တာ မြင်သာပါတယ်။
အကြောင်းပြချက်က ခိုင်လုံပါတယ်။ နော်စီဖိုးရာစိန်က KNU ဥက္ကဋ္ဌရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး KIO/KIA ခေါင်းဆောင်တွေရဲ့ လေသံနဲ့ တစ်ထေရာတည်း ထွက်လာတာကြောင့်ပါ။ SD ခေါင်းဆောင်လုပ်ရခြင်းရဲ့ အကျိုးဆက်က ဒါပဲလား။ ကရင်ပြည်နယ်နဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဥပေက္ခာပြုပြီး KIO/KIA ခေါင်းဆောင်တွေရဲ့ လိုလားချက်ကို အကောင်အထည်ဖော်ပေးနေတယ်ဆိုတာ ရှင်းနေပါတယ်။ UNFC ရဲ့ ဥက္ကဋ္ဌဟာ KIO ဒုဥက္ကဋ္ဌ အင်ဘန်လ ဖြစ်ပါတယ်။ အင်ဘန်လရဲ့ ချုပ်ချယ်မှုကြောင့် KNU က အဖွဲ့ဝင်အဖြစ် ကနေ နုတ်ထွက်ခဲ့ပါတယ်။ UNFC ဟာ လိုင်ဇာညီလာခံကနေ NCCT အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးစကားတွေ စ ပြောပါတယ်။ NCCT ဥက္ကဋ္ဌ က နိုင်ဟံသာ ဆိုပေမယ့် KIA ဒုခေါင်းဆောင် ဂွမ်မော် ဟာ ဒုက္ကဋ္ဌအဖြစ် ပါဝင်ခဲ့ပါတယ်။ NCCT ကနေ SD အဖြစ်ပြောင်းဖွဲ့ချိန်မှာတော့ KNU က နော်စီဖိုးရာစိန်ကို မြှောက်ပေးလိုက်ပါတော့တယ်။ အခု NCA အပြီးသတ်ချုပ်ဆိုခါနီးမှာ လက်နက်ကိုင်အားလုံးကို လက်မှတ် မထိုးချင်အောင် သွေးခွဲချယ်လှယ်နေ တာလည်း KIO/KIA ပါပဲ။
NCA ချုပ်ဆိုပြီးနောက်ပိုင်း လက်နက်စွန့်ရမယ်ဆိုတဲ့စကားကို KIO/KIA တို့ သေမလောက် ကြောက်နေကြပါ တယ်။ လက်နက်ဘယ်စွန့်ရဲပါ့မလဲ။ ဆက်ကြေး၊ လူသစ်စု၊ သစ်မှောင်ခို၊ ဘိန်းမှောင်ခိုတွေဆိုတာ လက်နက်ကိုင်မှ လုပ်စားလို့ ရမှာ။ လက်နက်မရှိရင် သူတို့ကို ဘယ်သူက ကြောက်တော့မှာလဲ။ ကိုယ့်စားပေါက် ကိုယ်ပိတ်သလို ဖြစ်မှာကြောက်လို့ KIO/KIA က နော်စီဖိုးရာစိန်ကို လူမိုက်ငှားပြီး ပြောခိုင်းတာပါ။ ချန်ထားတဲ့ ၆ ဖွဲ့ထဲမှာ KIO/KIA ရဲ့ လက်ရင်းတပည့်တွေဖြစ်တဲ့ TNLA နဲ့ AA တို့ ပါနေလေတော့ သူ့တပည့်တွေ မပါဘဲနဲ့ ဆရာလုပ်တဲ့ KIO/KIA က NCA မှာ လက်မှတ်မထိုးချင်တာပါ။ KIO/KIA ရဲ့ သဘောထားအတိုင်း အခြား လက်နက်ကိုင်အဖွဲ့တွေကို လေသံပစ်ခိုင်းပြီး NCA မထိုးရအောင် ကြံစည်နေတာပါ။
နော်စီဖိုးရာစိန် ဘယ်လိုပဲ စဉ်းစား စဉ်းစား၊ ကရင်ပြည်နယ်နဲ့ ကရင်ပြည် သူတွေ အတွက်တော့ ငြိမ်းချမ်းရေးဟာ မရလို့ မဖြစ်ဘူးဆိုတာ သိထားစေ ချင်တယ်။ ဖထီးမူတူးဆေးဖိုးက လက်နဲ့ ရေးထားပြီးသားကို ခြေနဲ့ မဖျက်ချင် ပါနဲ့လို့ပဲ နော်စီဖိုးရာစိန်ကို အပြုသဘောဆောင်စွာ ပြောချင်ပါတယ်။
စောအယ်ဖော
Today Myanmar

No comments:

Post a Comment