Wednesday, August 26, 2015

တပ်မတော်က တိုင်းရင်းသားများကို ဖိနှိပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်း ဖြစ်ကြောင်း တပ်ချုပ်ဆို


တပ်မတော်အနေနှင့် တိုင်းရင်းသား များအပေါ် ဖိနှိပ်သည်ဟု အဖွဲ့အစည်း အချို့က ပြောဆိုနေမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
တပ်မတော်တွင် တိုင်းရင်းသား အရာရှိ ၃၀၀၀ ကျော်နှင့် တိုင်းရင်းသား စစ်မှုထမ်းများစွာ တာဝန်ထမ်းဆောင် လျက်ရှိပြီး တိုင်းရင်းသားများနှင့် မည်သို့မျှ ပြဿနာတက်စရာ အကြောင်းမရှိ သောကြောင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ် ဖိနှိပ်သည်ဟု ပြောဆိုမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို ၎င်းတို့၏ မူလနေရပ်တွင် ပြန်လည်လုပ်ကိုင် စားသောက်ရန် ခွင့်ပြုထားသော်လည်း တစ်ဖက်အဖွဲ့အစည်းများက ခွင့်မပြုဘဲ ဖိအားပေးနေ ခြင်းကြောင့်သာဖြစ်ကြောင်း ၎င်းကဆိုသည်။
အလားတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး တစ်ဖက် အဖွဲ့အစည်းအနေနှင့် သတ်မှတ်ထားသည့် နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ ကျော်လွန်လုပ်ဆောင်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
သို့သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ တိုက်ပွဲများအတွင်း တပ်မတော်က ဒေသခံများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဇူလိုင်လအတွင်း သတင်း ထုတ်ပြန်ထားသည်။
ယင်းသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC တို့ တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ လူသားချင်း စာနာထောက်ထားမှုဖြင့် မိုင်းရှင်းလင်းရေးနှင့် အထွေထွေရွေးကောက်ပွဲ အခြေအနေ များကို ရှင်းလင်းဆွေးနွေးကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
‎TheVoiceWeekly‬

No comments:

Post a Comment