Saturday, September 19, 2015

ခမာနီများအကြောင်း ရိုက်ကူးမည့် ဂျိုလီ၏ ရုပ်ရှင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထောက်ခံ


ခမာနီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံဖော်မည့် အန်ဂျလီနာ ဂျိုလီ၏ ရုပ်ရှင်ကို ထောက်ခံကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
အော်စကာဆုရှင် ဟောလိဝုဒ် မင်းသမီးသည် စက်တင်ဘာ ၁၇ ရက်က ဖနွမ်ပင် မြို့တော်တွင် ဝန်ကြီးချုပ် ဟွန်ဆန်းနှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ဂျိုလီသည် တစ်ချိန်က ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီး လူပေါင်းများစွာကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာနီ အစိုးရနှင့် ပတ်သက်သော ရုပ်ရှင်တစ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။


First They Killed My Father: A Daughter of Cambodia Remembers အမည်ရှိ ဇာတ်ကားသည် အစွန်းရောက် ကွန်မြူနစ် ခမာနီတို့ လက်ထက်က ကမ္ဘောဒီးယားမှ လူ့အခွင့်အရေး လှုပ်ရှားသူ လောင်အန်း၏ ဘဝသရုပ်ကို အခြေခံ ပုံဖော်ထားခြင်း ဖြစ်သည်။ ခမာနီတို့ကို ကမ္ဘောဒီးယားကို ၁၉၇၅ မှ ၁၉၇၉ ခုနှစ်ထိ အုပ်စိုးခဲ့ပြီး ကြမ်းကြုတ်စွာ သုတ်သင်မှုများ၊ အစာငတ်မွတ်မှု၊ အလုပ်ဖိစီးမှုများကြောင့် လူ ၂ သန်းမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သမိုင်းမှတ်တမ်း ကျန်ရှိနေခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်းက “ဒါဟာ အချက်အလက် အမှန်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။ ပြီးတော့ အနာဂတ် မျိုးဆက်သစ်တွေက ကမ္ဘောဒီးယား နိုင်ငံနဲ့ ပတ်သက်ပြီး ပိုမို နားလည် သိရှိလာစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်”ဟု ဂျိုလီအား ပြောကြားခဲ့ကြောင်း ၎င်း၏ ပြန်ကြားရေး အရာရှိ အန်းဆိုဖာလက်သ်က သတင်းထောက်များအား အသိပေးခဲ့သည်။

ဂျိုလီက အဆိုပါ ဇာတ်ကားသည် ကမ္ဘောဒီးယားနှင့် သူမကြား ပေါင်းကူးဆက်နွှယ်မှုကို ပိုမိုနီးစပ် နွေးထွေးလာစေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားသည် သူမနှင့် ခင်ပွန်းဖြစ်သူ ဘရတ်ပစ်တ်တို့ မွေးစားထားသည့် သားငယ် မက်ဒေါ့စ်၏ ဇာတိနိုင်ငံလည်း ဖြစ်သည်။

ဂျိုလီသည် မင်းသမီး တစ်ဦးအဖြစ် ဟောလိဝုဒ်တွင် အထွဋ်အထိပ် အောင်မြင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှစကာ ဒါရိုက်တာ နယ်ပယ်ထဲ ခြေချလာပြီး In the Land of Blood and Honey၊ Unbroken၊ By the Sea ဇာတ်ကားများကို ရိုက်ကူးထားခဲ့သည်။

_Ref: CNA

No comments:

Post a Comment