Wednesday, September 2, 2015

ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသား ၃၅ ဦး စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရ


ပခုက္ကူ နည်းပညာတက္ကသိုလ်မှ ရေဘေးကယ်ဆယ်ရေး သွားရောက်ကူညီသည့် ကျောင်းသားများနှင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ကျောင်းသား ၃၅ ဦးကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ဟုဆိုကာ စက်တင်ဘာလ ၁ ရက်နေ့က စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရသည့်စာ ထုတ်ပြန်ခဲ့ကြောင်း ယင်းကျောင်းသားများ ထံမှ သိရသည်။
“စီမံခန့်ခွဲရေး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆိုပြီး ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လို့ ကျောင်းသား ၃၅ဦးကို စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်တာ တရားမျှတမှု မရှိဘူး။ ဆိုးသွမ်းပြီး ကျောင်းပျက် နေတဲ့ ကျောင်းသားတွေတော့ စာမေးပွဲ ဖြေဆိုခွင့်ရတယ်။ အခုဟာက ပရဟိတနဲ့ ကျောင်းသားသမဂ္ဂအရေး လှုပ်ရှားနေတဲ့ ကျောင်းသား အများစုကို ရွေးပြီး စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်တာ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအရေးတွေကို ဦးဆောင်လှုပ်ရှားနေတာပါ။ ဒါပေမဲ့ စာမေးပွဲဖြေဆိုခွင့် ရတယ်” ဟု ပခုက္ကူနည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုးထွဋ်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ပညာသင်နှစ်များ၌ ကျောင်းသားတစ်ယောက်ကို အပြစ်ပေး အရေးယူမည် ဆိုပါက သုံးကြိမ်တိုင် ခေါ်ယူ သတိပေး၍ လက်မှတ်ထိုးရကြောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် တို့တွင် ကျောင်းသားကိုယ်တိုင် လက်မှတ်ထိုးရပြီး တတိယ အကြိမ်၌ အုပ်ထိန်းသူ သိရှိကြောင်း ခေါ်ယူသတိပေး၍ လက်မှတ်ထိုးပြီးမှသာ အရေးယူလေ့ရှိကြောင်း၊ ယခုပညာသင် နှစ်တွင် အုပ်ထိန်သူနှင့် ကျောင်းသားများကို ခေါ်ယူသတိပေးခြင်း မရှိဘဲ စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခဲ့သောကြောင့် ကျောင်းသားများအနေနှင့် နစ်နာကြောင်း စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ခံရသည့် ပခုက္ကူ နည်းပညာတက္ကသိုလ် တတိယနှစ် မြို့ပြဘာသာရပ်သင် ကျောင်းသား ကိုနိုင်ထက်အောင်က ပြောဆိုသည်။
“အတန်းချိန် လက်မှတ်ထိုးတာတွေက ပွင့်ပွင့်လင်းလင်း မရှိဘူး။ လက်မှတ် ထိုးရတာက တစ်လချင်း ထိုးရတာ။ တစ်နေ့ကို ကိုးချိန်ရှိတာ။ ကျောင်းသားတွေ ဘယ်အချိန် ပျက်ကွက်တယ် ကျောင်းလာ တယ်ဆိုတာ ကျွန်တော်တို့ ကျောင်းသားတွေ လက်မှတ်ထိုးထားရတာ မရှိဘူး။ ဆရာမတွေရဲ့ ကျောင်းခေါ်ချိန် လက်မှတ် မှန်ကန်မှုရှိတယ် ဆိုတာ ကျွန်တော်တို့ မသိရဘူး။ ကိုယ့်ထက်ဆိုးတဲ့ ကျောင်းသားတွေက ကျောင်းခေါ်ချိန် ပြည့်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လေးပွင့်ဆိုင် ဆွေနွေးခဲ့စဉ်က သိပ္ပံနှင့်နည်းပညာ ဝန်ကြီးက သပိတ်မှောက် ကျောင်းသားကျောင်းသူများကို အရေးယူခြင်း မရှိဘူးဟု ပြောကြားခဲ့ကြောင်း၊ ကျောင်းခေါ်ချိန် ဖြည့်ပေးမည်ဟု နှုတ်ကတိ ရှိခဲ့ကြောင်း မြေလတ်ကျောင်းသား ခေါင်းဆောင် ကိုပြည့်ဖြိုးကျော်က ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပခုက္ကူ နည်းပညာတက္ကသိုလ်သို့ သွားရောက် မေးမြန်းသော်လည်း ကျောင်းအုပ်ကြီး ဒေါက်တာအောင်ကျော်စိုးသည် ပြည်မြို့သို့ ခရီးထွက်နေသောကြောင့် တာဝန်ခံ ဖြေကြားနိုင်မည်သူ မရှိကြောင်း စီမံရေးရာဌာနမှ ဒုတိယဌာနခွဲမှူး ဦးသက်နိုင်က ပြောကြားသည်။
ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေသူများသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ စာမေးပွဲဖြေဆိုရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အချို့ထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment