Wednesday, October 14, 2015

သမ္မတကို အကြည်ညိုပျက်စေမည့် ကဗျာရေးသားခဲ့သူ ထွက်ပြေးတိမ်းရှောင်

လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နိုင်ငံတော် သမ္မတကို အကြည်ညို ပျက်စေမည့် ကဗျာစာသားရေးသားဖော်ပြခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ စောင့်ကြည့်စစ်ဆေးခြင်းများ ခံနေရသူ ကဗျာဆရာ မောင်ဆောင်းခသည် နေအိမ်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်ထားတာ၊ တရားရုံးက ဆင့်ခေါ်တာမျိုး မရှိသေးပေမယ့် ရဲတပ်ဖွဲ့က နေ့တိုင်း စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ကျွန်တော့်ကို အရေးယူသွားမယ်လို့ ပြောထားတာကြောင့် လက်ရှိအခြေအနေအရ ထွက်ပြေး တိမ်းရှောင်နေရတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့မှုအပေါ် ရှုတ်ချကြောင်း လက်ပတ်ဖြူဝတ် အသံတိတ် ဆန္ဒထုတ်ဖော်မှုများ၌ ဦးဆောင်လှုပ်ရှားခဲ့သူ ကဗျာဆရာ မောင်ဆောင်းခသည် ၎င်း၏ ဖေ့စ်ဘွတ်ခ် အကောင့်တွင် သမ္မတကို အကြည်ညိုပျက်စေမည့် ကဗျာစာသား ရေးသားခဲ့မှုကြောင့် အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ၎င်းနေထိုင်သည့် နေအိမ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက နေ့စဉ်လာရောက်ပြီး စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။
“ကဗျာဆရာ မောင်ဆောင်းခကို အမှုဖွင့် အရေးယူထားခြင်း မရှိသေးပါဘူး၊ ဒီကိစ္စကို ရန်ကုန်တိုင်း စစ်ဌာနချုပ် က အရာရှိတွေ စုံစမ်းနေဆဲပါ ” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ယခုလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အပေါ် အကြည်ညိုပျက်စေမည့် ညစ်ညမ်းစာသားများ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သူ သုံးဦး အနက် နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဆက်သွယ်ရေး ဥပဒေ၊ အီလက်ထရောနစ် ဥပဒေများဖြင့် အမှုဖွင့် စစ်ဆေး နေကြောင်း သက်ဆိုင်ရာ ရဲစခန်းများထံမှ သိရှိရသည်။
“အောက်တိုဘာလ ၆ ရက်နေ့က မရမ်းကုန်းမှာ တပ်ချုပ်ဓာတ်ပုံကို ခြေနဲ့ နင်းပြီး ညစ်ညမ်းစာသားရေးသား ဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဖမ်းဆီးခဲ့တယ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က ဗဟန်းက တရားစခန်းတစ်ခုမှာ တပ်မတော် ယူနီဖောင်း အသစ် အရောင်ကို မဖွယ်မရာရေးသားဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် အမျိုးသမီးကို ထပ်ဖမ်းမိခဲ့တယ် ” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။
နိုင်ငံတော်အစိုးရအပေါ် အကြည်ညိုပျက်စေမည့် ညစ်ညမ်းစာသားများ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသား ဖော်ပြသူများကို အချိန်ပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးအရေးယူသကဲ့သို့ ပြည်သူအချို့ ကြုံတွေ့ နေရသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် အထင်အမြင် လွဲမှားစေရန် ရေးသားဖော်ပြသူများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီး အရေးယူစေလိုကြောင်း လမ်းမတော်မြို့မ ရဲစခန်းတွင် အွန်လိုင်း စာမျက်နှာပေါ် ညစ်ညမ်းဓာတ်ပုံများ ဖော်ပြခံရမှုဖြင့် အမှုဖွင့် တိုင်ကြားထားသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment