Saturday, October 17, 2015

ရုရှ၏ ထောက်ကူမှုဖြင့် အလက်ပိုမြို့အနီး ဆီးရီးယားစစ်တပ်က ထိုးစစ်စတင်


 ရုရှလေကြောင်းပစ်ကူနှင့် မဟာမိတ်ပြည်သူ့စစ်တို့၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆က ဒုတိယမြို့ကြီး အလက်ပိုဝန်းကျင်ရှိ သူပုန်များကို တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာသစ်တစ်ခုကို ဖွင့်လိုက်သည်။ယင်းထိုးစစ်တွင် အီရန်နောက်ခံ တပ်ဖွဲ့ဝင် ၂,၀၀၀ခန့်လည်း ပါသည်ဟု ၀ါရှင်တန်က ပြောသည်။ ဆီးရီးယားနယ်စပ်အနီး ၄င်း၏ လေပိုင်နက်သို့ ကျူးကျော်လာသည့် မည်သူ၏   လေယာဉ်မှန်း မသိရသည့် လူမဲ့ဒရုန်းယာဉ်တစ်စင်းကို ပစ်ချလိုက်သည်ဟု တူရကီက ပြောကြားပြီးနောက် ယခုထိုးစစ်ဖြစ်ပေါ်လာသည်။စက်တင်ဘာ ၃၀တွင် မော်စကိုက လေကြောင်းစစ်ဆင်ရေးစတင်ကတည်းက သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရက ဆင်နွှဲသော ထိုးစစ်များတွင် ယခုအလက်ပိုထိုးစစ်က စတုတ္ထမြောက်ဖြစ်သည်။

တစ်ချိန်က နိုင်ငံ၏ စီးပွားရေးဗဟိုဖြစ်ခဲ့သော အလက်ပိုမြို့ကို ထိန်းချုပ်မှုမှာ ၂၀၁၂ခုနှစ် နှစ်လယ်ကတည်းက အစိုးရနှင့် သူပုန်များကြား နှစ်ပိုင်းကွဲသွားသည်။မြို့နှင့် အနီးဝန်းကျင် ကျေးလက်ဒေသများရှိ ရှေ့တန်းနေရာများတွင် လှုပ်ရှားမှုမရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
တောင်ပိုင်းရှိ အလက်ပိုပြည်နယ်တွင် ပြုလုပ်သော စစ်ဆင်ရေးကို ရုရှားမှ လေကြောင်းထောက်ကူမှုအပြင် အီရန်မှ တိုက်ခိုက်ရေးသမားများနှင့် လက်ဘနွန်၏ ဟစ်ဇ်ဘိုလာပြည်သူ့စစ်များက ကူညီသည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ထို့အပြင် ယင်းထိုးစစ်တွင် အီရန်နှင့် အီရန်ကျောထောက်နောက်ခံပြု တပ်ဖွဲ့ဝင် ၂,၀၀၀လည်းပါဝင်သည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။"အခုဆိုရင် အတိုက်အခံအုပ်စုတွေကို တိုက်ခိုက်ရာ အာဆတ်ကို ကူဖို့ အီရန်နဲ့ ရုရှတွေဟာ ညိနှိုင်းလုပ်ဆောင်မှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နေရပြီဖြစ်ပါတယ်"ဟု ၄င်းအရာရှိက ပြောသည်။လက်နက်ကိုင် အကြမ်းဖက်အုပ်စုများ၏ ရန်မှ ကင်းလွတ်စေရန် အလက်ပိုမြို့၏ အနောက်ဖက်နှင့် တောင်ဘက်ဆင်ခြေဖုံးနေရာများကို ဆီးရီးယားစစ်တပ်က စစ်ဆင်ရေးစတင်ပြီဟု အလက်ပို စစ်ဆင်ရေးအတွက် ပူးတွဲကွပ်ကဲရေးဋ္ဌာနက ပြောသည်။

ယခုအချိန်အထိ ဆီးရီးယားစစ်တပ်သည် ကျေးရွာနှစ်ရွာကို ထိန်းချုပ်ထားနိုင်ပြီး ရုရှားစစ်လေယာဉ်များကလည်း အခြားနေရာနှစ်ခုကို တိုက်ခိုက်လျက်ရှိသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။အစွန်းမရောက်သည့်သူပုန်များ၊ အစ္စလာမ္မစ်များနှင့် အယ်လ်ခိုင်ဒါဆက်နွယ် အယ်လ်နပ်စရာတပ်ဦးအပါအ၀င် သူပုန်အုပ်စုများက ထိန်းချုပ်ထားသော ဧရိယာသို့ ရုရှက အကြိမ်ဒါဇင်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ထားသည်ဟု စောင့်ကြည့်အဖွဲ့က ပြောသည်။
mizzima

No comments:

Post a Comment