Friday, November 27, 2015

မဲပေးသူများ စာရင်း အလျင်မြန်ဆုံး ထုတ်ပြန်မည်ဟုဆို

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခဲ့သူများ စာရင်းအား အလျင်မြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြီးစီး၍ အနိုင်ရပါတီ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် ကြားကာလ ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ကန့်ကွက်လွှာ လက်ခံခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်ပြမှုအား လက်ခံခြင်းနှင့် မဲပေးသူများ စာရင်းအား ပြုစုခြင်းများကို လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''စာရင်းတွေ လုပ်နေတုန်းပါ။ ပြီးတဲ့အခါမှာတော့ ပေးမှာပါ။ ထုတ်ပြန်မှာပါ။ တစ်နိုင်ငံလုံး ဆိုတော့ အများကြီး ဖြစ်နေတယ်။ နောက်လထဲတော့ ဖြစ်မှာပေါ့။ အမြန်ဆုံးတော့ လုပ်နေပါတယ်။ လုပ်ပြီးတာနဲ့ ထုတ်ပြန်မှာပါ'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သောကြောင့် မြို့နယ်နှင့် ကျေးရွာအလိုက် မဲပေးသူများကို စုပေါင်း လုပ်ဆောင်နေရခြင်း ဖြစ်သောကြောင့် မှားယွင်းမှု ဖြစ်ပေါ်သွား၍ မရကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများကို အကြိုမဲစာရင်း၊ မဲစာရင်းနှင့် ဖိုင်နယ်မဲစာရင်းအဖြစ် သုံးကြိမ် ထုတ်ပြန်ခဲ့ရာ မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် စုစုပေါင်း လေးသောင်းကျော် မဲပေးခွင့် ရရှိခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

မကြာခင်က ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း (၆၀၀၀) ကျော်ရှိပြီး သမိုင်းတစ်လျှောက် ကိုယ်စားလှယ်လောင်း အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်သည်။
messenger

No comments:

Post a Comment