Monday, December 28, 2015

ဖားကန့်မြေစာပုံပြိုသည့်ကိစ္စ နည်လမ်း(၃)ခုဖြင့် ဖြေရှင်းရန် အစိုးရ စီစဉ်နေ

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ မကြာခန သေဆုံးခဲ့ကြရခြင်းနှင့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းတို့အပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်နေမှုများအား နည်းလမ်း(၃)ခုဖြင့် ဖြေရှင်းမည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်သည်။
ဖြေရှင်းရန် စီစဉ်ထားသည့် နည်းလမ်း(၃)ခုမှာ နည်းလမ်း(၁)အနေဖြင့် လုံခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို လုံးဝ ပိတ်သိမ်းခြင်း သို့မဟုတ် နည်းလမ်း(၂) အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ် နည်းလမ်း(၃) အနေဖြင့် အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ဖြစ်သည်ဟု ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃(ခ)တွင် “နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်” ဟု ပြဌာန်းထားသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြိုတင်ရေးသားလာသော A4စာမျက်နှာ ၁၉မျက်နှာရှိသော စာရွက်များကို အချိန်တစ်နာရီကျော်ကြာ လွှတ်တော်တွင် လာရောက်ရှင်းလင်းစဉ် ဒုဝန်ကြီးက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖားကန့်မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ သေဆုံးနေမှုအပေါ် လွှတ်တော်သို့ ဒုဝန်ကြီး လာရောက်ရှင်းလင်းခြင်းမှာ ယင်းကိစ္စအပေါ် အမြန်ဆုံးရှင်းလင်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်ထံ ဒီဇင်ဘာ ၂၁ရက်က သ၀ဏ်လွှာပေးပို့ထားမှုကြောင့် ဖြစ်သည်။

“ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကျမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခန ဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝသယံဇာတများ ထုတ်လုပ်နေခြင်းတို့အပေါ် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံးရှင်းလင်းဖြေကြားပေးရန်” ဟု သမ္မတဦးသိန်းစိန်ထံ သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် ၂၀၁၅ ခုနှစ်အတွင်းမှာပင် မြေစာပုံပြိုကျမှု အနည်းဆုံး ၃၇ကြိမ်ရှိခဲ့သည်ဟု ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ်တစ်ဦးက လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောဆိုထားပြီး မြေစာပုံပြိုကျမှုကြောင်း လူဦးရေ ရာဂဏန်းထိ သေဆုံးခဲ့ရသည်။
mizzima

No comments:

Post a Comment