Thursday, December 31, 2015

ခြိမ်းခြောက်ငွေ တောင်းယူသွားသော စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည်

ခြိမ်းခြောက် တောင်းယူသွားသော ငွေသိန်းငါးဆယ်အား လူမှုရေး အရ ပြန်လည် ပေးအပ်မှုများ ရှိနေသော်လည်း လက်ခံမည် မဟုတ်ဘဲ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း အဓမ္မ ငွေတောင်းယူခြင်း ခံခဲ့ရသော မိသားစုထံမှ သိရသည်။
မိုးကုတ်မြို့နယ် ပိန်းပျစ် ကျေးရွာအုပ်စုတွင် နေထိုင်သည့် မနီနီဝင်း နှင့် မဖြူဖြူဝင်း ညီအစ်မနှစ်ဦး နေအိမ်သို့ နိုဝင်ဘာလ (၁၈) ရက်နေ့ ည (၈) နာရီခန့်တွင် ပိန်းပျစ် ကျေးရွာ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦးက နေအိမ်အတွင်း ၀င်ရောက်ကာ ခြိမ်းခြောက်ငွေ တောင်းယူမှု တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ တောင်းယူ သွားခဲ့သော ငွေသိန်းငါးဆယ်အား ဥပဒေ လမ်းကြောင်းအတိုင်း မဟုတ်ဘဲ လူမှုရေး အရ လာရောက် ပေးအပ်နေမှုများ ခဏခဏ ကြုံတွေ့နေရသော်လည်း၊ ပြစ်မှုကျူးလွန်သွားသူ စခန်းမူး အပါအ၀င် ရဲတပ်သားလေးဦးအား အရေးယူခံရရေးကိုသာ အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငွေတောင်းယူခြင်း ခံခဲ့ရသော မနီနီဝင်းက ပြောသည်။

''ထူးထူးခြားခြား ရယ်လို့တော့ သိပ်မကြားသေးဘူး။ သူတို့ ဒီအတိုင်းပဲ ချုပ်ထားတယ်ပဲ ကြားပါသေးတယ်။ အရေးယူတာတို့ ဘာတို့တော့ မကြားရသေးဘူး။ ဒါပေမဲ့ မနီနီဝင်း၊ မဖြူဖြူဝင်းတို့ ညီအစ်မဆီ ကိုတော့ ဒီရက်ပိုင်းထဲမှာ ပိုက်ဆံကို အတင်းလာပေးတာမျိုး တွေတော့ ရှိနေတယ်။ သူတို့ အနေနဲ့ ကတော့ ဥပဒေအတိုင်း ပြန်ပေးတာမျိုးဆို လက်ခံမယ်ပေါ့။

ဥပဒေအတိုင်း မဟုတ်ဘဲ ဒီအတိုင်း ပြန်ပေးတာမျိုး ဆိုရင်တော့ လုံးဝလက်ခံမှာ မဟုတ်ဘူး'' ဟု အဆိုပါ ဖြစ်စဉ်အား လိုက်လံ ကူညီပေးနေသည့် မိုးကုတ်မြို့နယ် NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ပြောသည်။

မိုးကုတ်မြို့နယ်မှ နေ၍ လောက်ကိုင်မြို့သို့ အိမ်အကူ အဖြစ် လွန်ခဲ့သည့် နှစ်လခန့်က မနီနီဝင်း၏ ညီမဖြစ်သူ မဖြူဖြူဝင်း သွားရောက် လုပ်ကိုင်ခဲ့ရာ၊ အပြန်တွင် အိမ်ရှင်မှ မုန့်ဖိုးများ ထည့်ပေးလိုက်သော ကြောင့် (တရုတ်ငွေ ယွမ် ၇၀၀၀၀) မြန်မာငွေတန်ဖိုး သိန်း (၁၅၀) ပါလာခဲ့သည်။

ထိုသို့ နှစ်လကျော် အတွင်း ငွေများ အမြောက်အမြား ပါလာမှုအား မသမာမှုဖြင့် ရရှိလာသော ငွေကြေးများဟု ဆိုကာ ရရှိလာသည့် ငွေကြေးများအား ပေးရန်နှင့် မပေးပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခံရခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေး အမြောက်အမြားအား အဓမ္မ ခြိမ်းခြောက် တောင်းယူမှုနှင့် ပတ်သက်၍ အကူအညီ လာရောက် တောင်းခံထားသောကြောင့် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မူး အပါအ၀င် တာဝန်ရှိသည့် အစိုးရ တာဝန်ရှိသူ များထံသို့ တိုင်တန်းစာ ပေးပို့ထားခဲ့ရာ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက အထူးခုံစုံ အဖွဲ့ဖွဲ့စည်းကာ စစ်ဆေးမှုအား လေးရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး၊ ယခုအခါ၌ စခန်းမူး အပါအ၀င် ရဲတပ်သား လေးဦးအား မိုးကုတ်မြို့နယ် ရဲစခန်းအချုပ်တွင် ထိန်းသိမ်း ထားသော်လည်း အရေးယူ အပြစ်ပေးမှု တစ်စုံတစ်ရာ မရှိသေးကြောင်းမနီနီဝင်းက ပြောသည်။

''ကျွန်မတို့နဲ့ အရမ်းရင်းနှီးတဲ့ ကျောင်းဆရာမ တစ်ဦးက လာလာပြီး ပိုက်ဆံလက်ခံဖို့ အတင်းပြောနေတယ်။ နှစ်ရက်ရှိပြီ။ သူပြောနေတာက လူမှုရေး အရ လက်ခံခိုင်းနေတာ၊ ကျွန်မတွှို အနေနဲ့ကတော့ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အထင်တော့ သူ့အနေနဲ့ ဒါကိုလာ တိုက်တွန်းတာ မဟုတ်ဘူး။ တခြားတစ်စုံ တစ်ယောက်က ပြောခိုင်းလို့ လာပြောတာလို့ပဲ ထင်တယ်'' ဟု ၄င်းကပြောသည်။

အခင်းဖြစ်ညတွင် နေအိမ်မှ (၉) နာရီကျော်ခန့်တွင် ပြန်လည် ထွက်ခွာသွားပြီးချိန် မိနစ် (၂၀) ခန့်တွင် ပိန်းပျစ် ရဲစခန်းမှ သေနတ်ပစ် ဖောက်သံ ငါးချက် ထွက်ပေါ်လာခဲ့ သေးသည်။

''သူတို့ကို အချုပ်ချထားပါ တယ်။ စစ်ဆေးမှုတွေ ဆက်လုပ်မယ်။ ရဲဥပဒေ အရ လုပ်ဆောင်သွားဖို့ ရှိပါတယ်'' ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မူးရုံးမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။

စခန်းမူး အပါအ၀င် ရဲတပ်သားလေးဦးက ခြိမ်းခြောက်ငွေ တောင်းယူသွားမှုသည် ယခုအခါတွင် တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ အရေးယူမှု တစ်စုံတစ်ရာ မရှိသေးကြောင်း ကာယကံရှင် ညီအစ်မ နှစ်ဦးထံမှ သိရသည်။
messenger

No comments:

Post a Comment