Wednesday, December 2, 2015

ဆက်သွယ်ရေးဝန်ကြီးဌာန စီမံကိန်းသုံးစွဲငွေများစောင့်ကြည့်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦးခန့်အပ်မည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများကို ငွေကြေးသုံးစွဲရာတွင် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ချက်များနှင့် အညီ စနစ်တကျဖြစ်စေရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့ မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူ
တစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။
လက်ရှိတွင် ပြည်တွင်းမှ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူတစ်ဦးကို အကြံပေးအနေဖြင့် လုပ်ကိုင်နိုင်ရန် ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူများ ဒီဇင်ဘာ ၄ ရက်နောက်ဆုံးထား၍ လျှောက်ထားရန်လိုကြောင်း ဆက်သွယ်ရေးဝန်ကြီး ဌာန၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
လက်ရှိတွင် ဆက်သွယ်ရေး ကော်မရှင်ဥပဒေကို ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် သြစတြေးလျနိုင်ငံ အခြေစိုက်နည်းပညာအကြံပေး အဖွဲ့အစည်းတစ်ခုဖြစ်သော Incyde အဖွဲ့အား ငှားရမ်းကာ ရေးဆွဲလျက်ရှိပြီး မကြာမီကာလအတွင်း ဥပဒေမူကြမ်းကို ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းများမှာ E-Government Master Plan နှင့် Web Portal တည်ဆောက်ခြင်း၊ တယ်လီကွန်း Master Planရေးဆွဲခြင်း၊ ဆက်သွယ်ရေးကော်မရှင် ဥပဒေရေးဆွဲခြင်း၊ စာတိုက်ဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းစသည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
7Days

No comments:

Post a Comment