Wednesday, December 30, 2015

ယခုနှစ်တွင် ဥရောပသို့ ဝင်ရောက်ခိုလှုံသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော်ရှိခဲ့

ယခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်သည် သန်းဂဏန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်၌ ဥရောပသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၀၀၀၅၇၃ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းသည် ဂရိကမ်းခြေမှတစ်ဆင့် ဝင်ရောက်လာခြင်းဟု ဖော်ပြထားသည်။ ဂရိရှိ လက်စ်ဘော့စ်ကျွန်းသည် ဒုက္ခသည် အများစု ခိုဝင်ရာ ပင်မလမ်းကြောင်းလည်း ဖြစ်လာသည်။
ဂရိကမ်းခြေသို့ ဝင်ရောက်လာသူ ဒုက္ခသည်များအနက် ၈၄၄၀၀၀ ခန့်သည် တူရကီဖက်မှဖြစ်ပြီး ဒုက္ခသည် ၁၅၀၀၀၀ ခန့်ကမူ လစ်ဗျားမှတစ်ဆင့် အီတလီ ကမ်းခြေသို့ ဝင်ရောက်လာကြသည်။
ယခုနှစ်တွင် ဥရောပ၌ ကြုံရသည့် ဒုက္ခသည် ပြဿနာသည် ဒုတိယ ကမ္ဘာစစ်အပြီး အဆိုးဆုံး ဖြစ်လာသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် ဇာတိနိုင်ငံကို စွန့်ခွာကာ ဥရောပသို့ စွန့်စားထွက်ခွာသူ အရေအတွက် အများအပြား ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ဥရောပသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည် ဦးရေမှာ ၂၁၆၀၀၀ မျှသာ ရှိသည်။
ယခုနှစ်တွင် ဥရောပသို့ ဝင်ရောက်လာသူများအနက် ၄၉ ရာခိုင်နှုန်းမျှသည် ဆီးရီးယားမှ မြေထဲပင်လယ်ကို ဖြတ်ကျော်လာခြင်းဖြစ်ပြီး ၂၁ ရာခိုင်နှုန်းသည် အာဖဂန်နစ္စတန်မှဟု ဆိုသည်။ ပင်လယ်ပြင်ကို စွန့်စားဖြတ်ကျော်ရင်း သေဆုံးသူ အရေအတွက် ၃၇၃၅ ဦးထိ စာရင်းရရှိထားကြောင်းလည်း သိရသည်။
Ref: BBC

No comments:

Post a Comment