Wednesday, March 30, 2016

ပြန်ပေးဆွဲထားသည့် အီဂျစ်လေယာဉ်မှ ခရီးသည်အများစု ပြန်လွတ်လာ


အီဂျစ်လေကြောင်းပိုင် ပြည်တွင်းခရီးစဉ်အမှတ် MS181ကို ပြန်ပေးဆွဲထားသည့် အီဂျစ်အမျိုးသားက ခရီးသည် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း လေယာဉ်အဖွဲ့သားများနှင့် နိုင်ငံခြားသား ခရီးသည် အချို့ကို ထိန်းချုပ်ထားဆဲဟု သိရသည်။
ပြန်ပေးသမားသည် အီဂျစ်နိုင်ငံသားတစ်ဦးဟု သတင်းများက ဖော်ပြထားပြီး ၎င်းသည် အီဂျစ်နိုင်ငံသား မဟုတ်သူ ခရီးသည် ၄ ဦးနှင့် အမှုထမ်းများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ လေယာဉ်သည် မူလက အလက်ဇန္ဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော်လည်း ပြန်ပေးသမား၏ တောင်းဆိုမှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်းရှိ လန်ကာရာ လေဆိပ်တွင် ဆိုက်ကပ်ပြီး ပိတ်မိနေဆဲ ဖြစ်သည်။
အီဂျစ်လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူ ၈၁ ဦး ရှိခဲ့ပြီး ခရီးသည် အများစု လွတ်မြောက်လာပြီဟု အတည်ပြု ကြေညာသည်။ မျက်မြင်များကလည်း လေယာဉ်ပေါ်မှ ဆင်းသက်လာသူများသည် ဘတ်စ်ကားတစ်စီး
ပေါ်တက်ကာ အခင်းဖြစ်ရာ နေရာမှ ထွက်ခွာသွားကြောင်း ပြောကြားခဲ့သည်။ ခရီးသည် တစ်ဦးက ပြန်ပေးသမားသည် ဖောက်ခွဲရေး ပစ္စည်းများ ပါရှိသည့် ခါးပတ်ကို ဝတ်ဆင်ထားကြောင်း ဆိုသည်။

လေယာဉ်ကို ပြန်ပေးဆွဲရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ဆိုက်ပရပ်စ် မီဒီယာများက ပြန်ပေးသမား၏ ပုဂ္ဂိုလ်ရေးကိစ္စ တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြကြသည်။ ဥပမာအားဖြင့် ခိုလှုံခွင့်ရရေး ကဲ့သို့ ရည်ရွယ်ချက်မျိုးနှင့် ဖြစ်နိုင်သည်ဟု ဆိုသော်လည်း ယင်းအချက်ကို အတည်မပြုနိုင်သေးချေ။
လတ်တလောတွင် လန်ကာရာ လေဆိပ်ကို ပိတ်ထားရပြီး လေဆိပ်သို့ ပျံလာသည့် လေယာဉ်များကို အခြားလေယာဉ်ကွင်းများသို့ လမ်းကြောင်းပြောင်း ဆင်းသက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
Ref: CNN

No comments:

Post a Comment