Monday, July 30, 2012

လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ

from - http://fine-leaves.blogspot.com/2012/07/blog-post.html
မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင် ကို ကိုင်တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင် ကိုင်နိုင်ပြီလား ဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံတင်ကဒ်ပြား ရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက
 ပြည်သူတွေနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအဖို့တော့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း တထောင့်တရာကျော်သွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဖူး။ ပါလီမန် ဒီမိုကရေစီ ဘိုးအေ နိုင်ငံဖြစ်တဲ့ အင်္ဂလန်မှာလည်း အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဖူး။ လိုအပ်ရင် ပတ်စ်ပို့တို့၊ ကား လိုင်စင်တို့၊ ကျောင်းသားကဒ်တို့၊ တခြားဘာကဒ် ညာကဒ်တွေကို ထုတ်ပြကြရတယ်။ ထားပါတော့။ ဒါက သူတို့အကြောင်း နဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။


အခုလက်ရှိ အခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရ ပြန်တယ်။ အဲဒီ ပြဿနာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများရဲ့ လူမျိုးနာမည်နောက်မှာ မြန်မာဆိုတဲ့ လူမျိုး နာမည်ကို တွဲပြီးမှ မှတ်ပုံတင်ကို ထုတ်ပေးနေတာပဲ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တိုင်းမှာ သူတို့ရဲ့ လက္ခဏာ သတ်မှတ်ချက်တွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ရှမ်းက ရှမ်းလူမျိုး၊ မွန်က မွန်လူမျိုး၊ ရခိုင်က ရခိုင်လူမျိုး၊ ကချင်က ကချင်လူမျိုး စသဖြင့် သက်ဆိုင်ရာမျိုးနွယ်ကို ကိုယ်စားပြုတဲ့ အမည်နာမတွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတခုရဲ့ အမည်လက္ခဏာ သတ်မှတ်ချက်ကို ဘယ်သူကမှ ပြောင်းလဲခွင့် မရှိသလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အတင်းအကျပ် ပြောင်းလဲခိုင်းတာဟာလည်း မတရားတဲ့ လုပ်ရပ်ပါ။

ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲမှာ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသခံ မွန်အမျိုးသားတွေက မွန်လူမျိုး အဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဖူးလို့ ငြင်းတယ်လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေ ပြန်တော့ ပြင်မပေး နိုင်ဖူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အတင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေမှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေမယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာဖြစ်တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရား တဲ့လုပ်ရပ်လို့ ဝေဖန်ရမှာဘဲ။
တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နော်ဝေဒုက္ခသည်ကောင်စီ (Norwegian Refugee Council) အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် အမျိုးသားများကို မှတ်ပုံတင်တွေ ထုတ်ပေး နေပါတယ်။ တခါမှ မှတ်ပုံတင် မကိုင်ဆောင်ဖူးတဲ့ နယ်စွန်နယ်ဖျားက ကရင်အမျိုးသားတွေအဖို့ ဒါဟာဝမ်းသာစရာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင်အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်း မပြုဘဲ ကရင်မြန်မာ ဆိုပြီး လုပ်ပြန်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေသခံ ကရင်လူမျိုးတချို့က ကရင်မြန်မာ အစား ကရင်လူမျိုးသာ ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင်တွေက လစ်လျှူရှု ထားပါတယ်။

အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေက နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါတယ်။ ဘယ်ဘာသာကို ကိုးကွယ်တယ် ဆိုတာမျိုးကို ထည့်သွင်းဖော်ပြလေ့ မရှိတာကို တွေ့ရပါတယ်။ မှတ်ပုံတင်ဆိုတာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တခုသာ ဖြစ်တယ်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပျံ့နှံ့ နေထိုင်တဲ့ ကူကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှိုချင်းအမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ်စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်က သတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက်က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိအားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်းလို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယနယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ်ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူက တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီးဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။

လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာ ကထဲက ဖြစ်တည်လာတဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ရဲ လူမျိုးအမည်နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာ ဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ်ဝှိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုးသားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ် လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဖူး။

နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်း မပြုဘဲ တိုင်းရင်းသားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက်နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာရှင်များက တိဘက်မြန်မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ ပါတယ်။ တိဘက်နဲ့မြန်မာ ဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဖူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ ပြောလာရင် မြန်မာတွေလက်ခံမှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဖူးဆိုရင် သူများကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။

ဇော်မင်း
၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်

1 comment:

  1. အမေရိကန်မှာလဲ Asian American, Burmese American စသည်ဖြင့် အမည်ပေးခံကြရပါတယ်။
    စဉ်းစားစရာပေါ့။

    ReplyDelete