Wednesday, August 1, 2012

အစိုးရ မဖြစ်မီနှင့် ဖြစ်အပြီး



ရေးသားသူ- မောင်သာချို
(တစ်)
ဟုတ်မှ ဟုတ်ပါရဲ့လားဟုဆိုကာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်ပွတ်သပ်ပြီး နောက်တစ်ခါ ပြန်ကြည့်ရသည့် သတင်းတစ်ပုဒ်ကို ယခုရက်ပိုင်းကလေးများအတွင်း သတင်းစာမျက်နှာများပေါ်၌ ဖတ်ခွင့်ရရှိခဲ့ပါသည်။ ယခင်အစိုးရ အဆက်ဆက်မရှိခဲ့ဖူးသည့် သတင်း။   Clean Governmentခေါ် သန့်ရှင်းသော အစိုးရအတွက် မရှိမဖြစ်သတင်း၊   Good Governanceခေါ် ကောင်းမွန်သော အုပ်ချုပ်ရေးအတွက် အလိုအပ်ဆုံးသတင်း။


အစိုးရအဖွဲ့ဝင်တွေ ကိုယ့်အိတ်ထဲမှာ ရှိသမျှကို အိတ်သွန်ဖာမှောက်ချပြထားကြရလေမတဲ့။ ပြည်ထောင်စုအဆင့် အစိုးရအ ဖွဲ့ဝင်များ၊
 တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအ ဖွဲ့ဝင်များသည် မိမိတို့၏ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေညာကာ မှတ် တမ်းတင်ထားရန်ဖြစ်ပါသည်။ အဆိုတင်သွင်းသူက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ထောက်ခံသူကမြေပုံမဲဆန္ဒနယ်က ဦးဖေသန်း။

ယခု ၂၀၁၂ ဇူလိုင်တွင် ကျင်းပနေသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ သည်အဆိုကို တင်သူကတင်ပြီး ထောက်ခံသူက
 ထောက်ခံခဲ့လေရာ လွှတ် တော်က လက်ခံဆွေးနွေးရန် သဘောတူလိုက်ရပြီ ဖြစ်ပါသည်။
 ကောင်းသောကိစ္စဟုဆိုရ မည်ဖြစ်ပါ၏။ အစိုးရအဖွဲ့ဝင် မဖြစ်ခင်က ငွေဘယ်လောက်ရှိ၊ ကားဘယ်လောက်ရှိ၊ လုပ်ငန်းကိုင်ငန်းဘယ်နှခုရှိ
 စသည် စသည်ဖြင့် ထုတ်ဖော်မှတ်တမ်းတင်ထားခြင်းအားဖြင့် အစိုးရဖြစ် ပြီးမှ မဟားတရား တိုးပွားလာခဲ့ သည်ရှိသော် ယင်းသည် မသမာမှု၊လာဘ်ပေး လာဘ်ယူမှု။ သည်အတွက်သည်အစီအမံသည် ပြည်သူတစ်ရပ်လုံးက သောင်း သောင်းဖြဖြ ကြိုဆိုကြမည့် အစီအမံပင်ဖြစ်ပါ၏။ ပြ။ရှိတာအကုန်ထုတ်ပြဟူသော အစီအမံ။

(နှစ်)
လူတစ်ယောက်အနေနှင့် ဆေးမစားမီပုံနှင့် ဆေးစားပြီးပုံတို့ သိသာစွာ ကွဲပြားခြားနားလာမှုသည် ၀မ်းမြောက်စရာဖြစ်သော်လည်း
 အစိုးရအဖွဲ့ဝင်တစ်ယောက် အနေနှင့်မူကား အစိုးရမဖြစ်မီပုံ နှင့် အစိုးရဖြစ်ပြီး ပုံတို့ ကွဲပြားခြား နားခဲ့ပြီဆိုသော် တစ်စုံတစ်ခု မရိုးသားမှုပင်
 ဖြစ်ပါလိမ့်မည်။

ဤ၌ အိန္ဒိယနိုင်ငံ၏ သမ္မတဖြစ်ခဲ့ဖူးသူ အဗဒူကလမ်အ ကြောင်းဖော်ပြလိုပါ၏။ နာမည် အပြည့်အစုံက အဗူးပကိရဇိန္ဒူး လာဒင်အဗဒူကလမ်  (Avul Pakir Jainu Labdeen Abdul Kalam)။ လွယ်လွယ်ခေါ်တော့ အဗဒူကလမ်(Abdul Kalam)။    ၁၉၃၂ ဖွား။ ကုတို့သူကြီး သား။ ၂၀၀၂ခုနှစ်တွင် အိန္ဒိယ၏ ၁၁ ဆက်မြောက် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရ။ ၂၀၀၇ ခုနှစ်တွင် သမ္မတသက်တမ်း ကုန်ဆုံး။

အဗဒူကလမ်က ဒုံးပျံအင် ဂျင်နီယာလည်းဖြစ်၊ အာကာသ သုတေသနသမားလည်းဖြစ်၊ ကာ ကွယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးလည်းဖြစ်သူဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၌ အစ္စလာမ်ဘာသာ ၀င်ထဲကနေ ရှားရှားပါးပါး သမ္မတ ဖြစ်လာသူလည်း ဖြစ်ပါသည်။

၂၀၀၇ ခုနှစ် ဇူလိုင် ၂၄ ရက်၌သမ္မတသက်တမ်း ကုန်ဆုံးလေသောအခါ နောက်တစ်နေ့ ဇူလိုင် ၂၅ ၌ သမ္မတအိမ်တော်မှ ထွက်ခွာပါသည်။
 သူသမ္မတအိမ်တော်က အဆင်းပြန်လည်သယ်ဆောင်သွားသည်က သေတ္တာနှစ်လုံး။ လာတုန်းကလည်း ထိုသေတ္တာနှစ်လုံးနှင့်တဲ့။
 သေတ္တာထဲတွင် စာအုပ်တွေပဲ ပါပါသတဲ့။ မိမိကိုယ်ပိုင်ငွေနှင့် ၀ယ်ထားသော စာအုပ်များဖြစ်ပါသတဲ့။ မည်သည့် လက်ဆောင်ကိုမှ
 လက်မခံနဲ့ဟူသော ဖခင်ကြီး၏ စကားအတိုင်းနေထိုင်ခဲ့ပါသတဲ့။ သမ္မတရာထူးက မိမိ၏ ဘ၀ကို ဘာမှမပြောင်းလဲစေနိုင်ပါတဲ့။ မိမိကသာ
 သမ္မတရာ ထူးကို ပြောင်းလဲပစ်မှာတဲ့။သမ္မတမဖြစ်မီ သေတ္တာနှစ် လုံး။ သမ္မတဖြစ်ပြီး သေတ္တာနှစ်လုံး။ ရှင်းလင်း၍ မြင်သာထင်သာ ရှိသော
 နေထိုင်မှုဘ၀။

(သုံး)
အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ၂၀၁၁ ခုနှစ်တွင် ၀န်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ဦးဆောင်သော အစိုးရအဖွဲ့ အာဏာရပါသည်။ အစိုးရအဖွဲ့ဝင် ၃၆ ယောက်တို့က မိမိတို့၏ ပိုင်ဆိုင်မှုများကို ကြေညာကြရပါသည်။

အစိုးရအဖွဲ့ဝင်တွေအားလုံးသည် သန်းကြွယ်သူဌေးကြီးများ။ ယင်းလတ်ရှင်နာဝပ်က ဒုတိယအချမ်းသာဆုံး။ ထိုင်းဘတ်ငွေ ၅၄၁ သန်း
 ချမ်းသာပါလေသတဲ့။ သူကိုင်သည့်    Hermes    လက်ကိုင်အိတ်က တစ်လုံးကို ထိုင်းဘတ် ၃၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၂၀၀ ဒေါ်လာ)ပေးရလေ သတဲ့။ သိပ္ပံနှင့်နည်းပညာဝန်ကြီး ပလောပရာ ဆွပ်ဆူရာ ဆ၀ါဒီကမူ အချမ်းသာဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၁ သန်း ချမ်းသာသည်ဟု ဆိုပါသည်။ ကျန်အစိုးရအဖွဲ့ဝင်တွေ အသီးသီးကလည်း သူ့အဆင်းနှင့်အလင်းနှင့်။
 ဆိုလိုသည်မှာ ထိုင်းအစိုးရအဖွဲ့ဝင်များသည် အစိုးရမဖြစ်မီ ကတည်းက ကိုယ့်ဂုဏ်ကိုယ့်ဒြပ်နှင့် ရပ်တည်နေကြသူများပါ ဆို သည့် သဘော။  

အစိုးရဖြစ်ပြီးမှ ချမ်းသာကြွယ်ဝလာသူများ မဟုတ်ကြပါဟူသည့် အဓိပ္ပာယ်။    ယခု ရုရှနိုင်ငံ သမ္မတဗလာဒီမာပူတင် မတိုင်မီ တာဝန်ထမ်း
 ဆောင်သွားခဲ့သော သမ္မတဒီမက် ထရီမက်ဗီဒက်ဗ်ကလည်း သူ၏ ၀င်ငွေကိုတရားဝင် ထုတ်ပြန်ခဲ့ဖူးပါ၏။

လက်ရှိ ပြင်သစ်သမ္မတ ဟော်လန်ဒီမတိုင်မီက သမ္မတနီကိုလတ် ဆာကိုဇီကမူ သမ္မတတစ်နှစ် အသုံးစရိတ် ယူရိုလေး သိန်းထက် ကျော်လွန်ကာယူရို ၁၄၁၂၃ ပိုမိုသုံးစွဲထားသဖြင့် နိုင်ငံတော်သို့ပင် ပြန်လည်ပေးသွင်း ခဲ့ရဖူးပါလေ၏။
 တောင်ကိုရီးယားနိုင်ငံက တဲ့ရော။ အစိုးရအဖွဲ့ဝင်အဖြစ် အရွေးခံရပြီဆိုသည်နှင့် မိမိတို့၏ ဥစ္စာဓန ပိုင်ဆိုင်မှုမှန်သမျှတို့
ကို စာရင်းပြုစုတင်ပြထားကြပေတော့။

(လေး)
ကောင်းမွန်သော အစိုးရနှင့် သန့်ရှင်းသော အုပ်ချုပ်မှု ဖြစ်ဖို့ဆိုသည်မှာ အစိုးရ အဖွဲ့ဝင်များ ကိုယ်တိုင်က အပေးအယူ၊ အ၀င်အထွက်
 ကင်းရှင်းဖို့လိုအပ်ပါ သည်။ ကင်းရှင်း၏ မကင်းရှင်း၏ဆိုသည်ကို အစိုးရမလုပ်မီ သူတို့ဘာတွေပိုင်ဆိုင်ထားသလဲဆိုသည် ကို
 မှတ်တမ်းတင်ပြုစုထားရုံနှင့် လုံလောက်ပါသည်။ ယခု ဤကိစ္စကို ပြည်သူ့ လွှတ်တော်က ဆွေးနွေးနေပြီဆို သည်မှာ လူထုအတွက် မင်္ဂလာရှိလှပါဘိ။   ။                  
 from -7daynews journal

No comments:

Post a Comment