Friday, August 3, 2012

The Voce တာဝန်ရှိသူရဲ့ ရင်ဖွင့်သံ

အခုရက်ပိုင်း စိတ်မကောင်း ဖြစ်နေတဲ့အတွက် ကျနော်စာများများ မရေးနိုင်ဘူး။ The Voice Weekly ကို ကိုယ်တိုင် မွေးဖွားခဲ့တဲ့သူ ဖြစ်တဲ့အပြင် ဒီမီဒီယာ တည်တံ့အောင် တတ်နိုင်သလောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားနေတဲ့ကြားထဲက ဒီလိုအပိတ်ခံရတဲ့ အပေါ် အဆိုးမြင်နဲ့ ကြည့်ပြီး ဝေဖန်မှတ်ချက်ပေးတာကိုလည်း ခံရတယ်။


ကျနော် ဝသုန္ဒရေ၊ မဟာပထဝီမြေကြီးကို သက်သေပြုပြီး ကျနော့် စာရိတ္တ၊ ရိုးသားမှုနဲ့ သစ္စာပြု တိုင်တည်နိုင်တယ်။
ကျနော
်တို့ ရေးသားတင်ပြခဲ့တဲ့ မျက်နှာဖုံးသတင်းတွေမှာရော အတွင်းသတင်းတွေမှာရော ဘယ်သူ့ဘယ်သူကိုမှ ဝေဖန်တိုက်ခိုက်ဖို့ မဟုတ်သလို နာမည်ကြီးချင်လို့ စတန့်ထွင်တာမျိုး၊ စွန်းစားရတဲ့ နိုင်ငံရေးလုပ်တာမျိုး၊ ကောလာဟလကို မျက်နှာဖုံးတင်တာမျိုး၊ ထောင်ကျခံပြီး နိုင်ငံရေးလုပ်တာမျိုး၊ စာစောင်အပိတ်ခံရအောင် စွန့်စားတာမျိုး လုံးဝ( လုံးဝ) မဟုတ်တဲ့အကြောင်း သစ္စာပြုနိုင်တယ်။

ဖော်ပြခဲ့တဲ့သတင်းတွေကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာ၊ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်တာ၊ ဆူပူအောင်လှုံ့ဆော်တာ၊ ဒို့တာဝန်အရေးသုံးပါးကို ထိပါးတာ၊ တိုင်းပြည်ကို ခြောက်ကမ်းပါးထဲကျအောင် လုပ်တာ၊ ကျင့်ဝတ်နဲ့ မညီဘဲ မဖြစ်သေးတဲ့အရာကို ဖြစ်မယ်ဆိုပြီးသေချာပေါက် ပြောတာမျိုးတွေ မရှိခဲ့ဘူး။ ဒါကို အရေးယူတဲ့သူက ယူတယ်ဆိုတာ ပြတဲ့သက်သေကလည်း မခိုင်လုံဘူး။ ကျနော်တို့စာစောင် စထွက်တဲ့ နံပါတ်(၁)ကတည်းက အခုနောက်ဆုံးထွက်ခဲ့တဲ့ စာစောင်အထိ စာပေစိစစ်ရေးကို မတင်ဘဲထုတ်ဝေခဲ့တာ တစ်ပုဒ်မှ မရှိဘူး။ နောက်ကျတာပဲရှိမယ် စိစစ်ရေးကို အားလုံး တင်ပြခဲ့တာချည်း။ အဲတော့ ပိတ်တဲ့သူက ဘာ့ကြောင့် ပိတ်ရသလဲဆိုတာ သူ့ဘာသာသူ အသိဆုံးပါ။ စည်းကမ်းတွေ ရွတ်ပြနေတာကြားရတော့ စည်းကမ်းဆိုတဲ့သဘောက စည်းကမ်းချသူကော၊ စည်းကမ်းချတဲ့ နယ်ပယ်တစ်ခုလုံးကော ချွင်းချက်မရှိ အားလုံး တစ်ပြေးညီလိုက်နာရမှာ။ အဲလိုမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားပြိုင်မှုကြောင့်၊ ကိုယ့်ပုဂ္ဂလ ခံစားချက်ကြောင့်၊ ဒေါသနဲ့ ပိတ်တယ်ဆိုရင်တော့ ကံ၊ ကံရဲ့အကျိုးကို ကောင်းကောင်း သဘောမပေါက်လို့ဘဲလို့ ယူဆတယ်။

ကုန်ခဲ့တဲ့ညက ဆရာတော် ရဝေနွယ်(အင်းမ)က တယ်လီဖုန်းဆက်ပြီး သတင်းမေးတယ်။ သတင်းမေးရင်းနဲ့ ဆရာတော်က တရားသဘောနဲ့ ဒီလိုမိန့်တယ်။ ပြည်သူကို အသိပညာပေးနေတဲ့ သတင်းစာစောင်တစ်ခုကို ဒီလိုပိတ်ပင်လိုက်တာက အကုသိုလ် နှစ်ခုကို တပြိုင်တည်း ကျူးလွန်လိုက်သလိုပဲတဲ့။ တစ်ခုက ဒီစာစောင်ကို မှီခိုနေရတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေ၊ ဒီစာစောင်ထုတ်လုပ်ရေးမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ဖြန့်ချိရောင်းဝယ်နေကြတဲ့ လက်ပွေ့သမားအဆုံး အားလုံးရဲ့ စားဝတ်နေရေးနဲ့ ဝင်ငွေကို ပိတ်ပင်လိုက်သလိုပဲတဲ့။ နောက်တစ်ခုက စာဖတ်ပရိသတ်အားလုံးကို သတင်းအချက်အလက်၊ အသိပညာပေးနေတဲ့ စာစောင်ဖြစ်တာနဲ့အညီ ဒီစာစောင်ကို ဖတ်ပြီး သတင်းစားသုံး၊ အသိပညာယူနေတဲ့ ပြည်သူတွေအားလုံးကို မျက်စိပိတ်လိုက်သလိုပဲတဲ့။ အဲဒီအကုသိုလ်နှစ်ခုကို ပြုတဲ့သူအနေနဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ ကံ၊ ကံရဲ့အကျိုးကို ခံစားလိမ့်မယ်တဲ့။ မကောင်းတဲ့ အကုသိုလ်ကံပဲဖြစ်ဖြစ် ကောင်းတဲ့ ကုသိုလ်ကံပဲဖြစ်ဖြစ် တခါတလေ နောက်ဘဝအထိတောင် မစောင့်ဘူး၊ လက်ရှိဘဝမှာတောင် အကျိုးပေးတတ်တယ်တဲ့။ ဆရာတော့် စကားကို ဆင်ခြင်သတိထားကြဖို့ လက်ဆင့်ကမ်းမျှဝေတာပါ။

ကျနော်က ဆရာတော့်စကားကို တစ်ခုထပ်ဖြည့်ပေးလိုက်တယ်။ တတိယအချက်က စာစောင်ကို ဒီလို ပိတ်လိုက်တာက စာစောင်ကို မှီခိုနေတဲ့ မိသားစုတွေနဲ့ ဝန်ထမ်းတွေအားလုံးအပြင် စာစောင်ကို ခင်မင်တဲ့ မိတ်ဆွေသင်္ဂဟတွေ၊ စာစောင်ကို အပတ်စဉ်စောင့်ဖတ်နေတဲ့ စာဖတ်ပရိသတ်ပြည်သူတွေကို စိတ်ညစ်အောင်၊ စိတ်ဒုက္ခရောက်အောင်၊ ဒေါသဆိုတဲ့ အကုသိုလ်စိတ်ဖြစ်အောင် လုပ်တာနဲ့ အတူတူဘဲလို့။

1 comment:

  1. မြရွှေဂူပတ္တမြားကိုဝက်များကငြူစူစွာ၊ရွှံ့လူးကာတိုက်နှဲ့၊
    ပွတ်လေလေအရောင်ထွက်လေတယ်၊ရှေးကထက်ကဲ...

    ReplyDelete