Friday, September 21, 2012

ဖမ်းဆီးခံထားရသော ရုရှားပန့်တေးဂီတအဖွဲ့ဝင်များကို လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ - ၂၀ ရုရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော Pussy Riot အမည်ရ ပန့်ရော့ခ်တေးဂီတအဖွဲ့ဝင်များကို လွတ်မြောက်ခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မော်စကိုအစိုးရအား တိုက်တွန်းပြောဆိုလိုက်ကြောင်း NBC သတင်းဌာနက တင်ဆက်ဖော်ပြသွားသည်။

စက်တင်ဘာလ ၂၀ ရက်၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြို့ရှိ မြို့တော်ခန်းမ တွင် Msnbc သတင်းဌာနကတင်ဆက်ပြီး Amnesty International ကကြီးမှူးကျင်းပကာ နာမည်ကျော်အမေရိကန်သတင်းစာဆရာမ Alex Wagner ကဦးဆောင်သည့် ဆွေးနွေးပြောဆိုပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း Pussy Riot အဖွဲ့ဝင်များကိုလွှတ်ပေးရန် တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

"လူသားတွေအနေနဲ့ သူတို့ဆိုချင်တဲ့သီချင်းကိုဘာအတွက်ကြောင့် မဆိုသင့်ဘူးဆိုတာမျိုးတွေ မရှိဘူးလို့ကျွန်မထင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စကားပြောဆွေးနွေးခန်းတွင် ပြောကြားသည်။ ပန့်ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် Pussy Riot မှအဖွဲ့ဝင်များသည် ရုရှားသမ္မတ ဗလာဒီမာပူတင်(ယခင် ဝန်ကြီးချုပ်နှင့်သမ္မတ)အား လှောင်ပြောင်စော်ကားသည့် သီချင်းသီဆိုကာ သရုပ်ဖော်ပြခဲ့ခြင်းကြောင့် ကုန်ခဲ့သည့် သြဂုတ်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ကျခံနေရသည်။

ယခု မြို့တော်ခန်းမ၌ပြုလုပ်သော စကားပြောဆွေးနွေးခန်းတွင် ဖမ်းဆီးခံထားရသော ယင်းတေးဂီတအဖွဲ့ဝင်သုံးဦးအနက်တစ်ဦးဖြစ်သော Nadia Tolokonnikova ၏ မိသားစုဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းလက်ဆောင်ပေးအပ်ခဲ့သည်။ အဆိုပါတေးဂီတအဖွဲ့ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မော်စကို၌ စတင်ထူထောင်ခဲ့ပြီး ယင်းအဖွဲ့သည် ရုရှားနိုင်ငံရေးလောကနှင့်ပတ်သက်၍ လှောင်ပြောင်သရော်သော သီဆိုတင်ဆက်မှုများအား တမူထူးခြားသောပုံစံဖြင့်ပြုလုပ်ခဲ့သည်။
From-TheVoiceWeekly

No comments:

Post a Comment