Thursday, September 6, 2012

ပုဂံဟိုတယ်ဇုန်တွင် လာမည့်နှစ် အတွင်း တည်းခိုခန်းများ နှစ်ဆတိုးရန် လျာထား

From- mizzima

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှု အများဆုံးဖြစ်သည့် ပုဂံဒေသ ဟိုတည်ဇုန်တွင်
နောက်ထပ် အခန်းနှစ်ဆနီးပါး တိုးချဲ့ရန် အစီအစဉ်ဖြင့် အခန်း ၂,၀၀၀ ခန့်အထိကို လာမည့်နှစ်အတွင်း တိုးချဲ့ရန်ပြင်ဆင်နေပြီး ဝန်ကြီး၏ ခွင့်ပြုမိန့်စောင့်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
"အခန်း ၂၀၀၀ လောက် တိုးချဲ့ဖို့ လိုတယ်ဆိုတာ သူတို့က မှန်းထားတာ။ ဒါပေမယ့် တကယ်မှာ ဘယ်လောက်ထွက် လာမလဲ ဆိုတာတော့ မပြောတတ်သေးပါဘူး" ဟု အဆိုပါအရာရှိက ပြောသည်။ "ဒါကြောင့် ရှိနေပြီးသား ဟိုတယ်တွေမှာ အခန်းတိုးချဲ့တွေ ရှိလာနိုင်သလို အသစ်တည်ဆောက်မယ့် ဟိုတယ်တွေလည်း ရှိလာမှာ ဖြစ်တယ်" ဟု သူက ဆက်ပြောသည်။

ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာအနေဖြင့် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုကို ယခုနှစ် အတွင်း ခြောက်သိန်းနှင့်နောက်နှစ်တွင် ကိုးသိန်း ဝင်ရောက်ရန် မျှော်မှန်းထားသည်။

ယင်းကဲ့သို့ တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း ကားလမ်းဘေး၊ တူးရွင်းတောင်ခြေရှိ မြေဧက ၁,၂၆၀ ခန့်တွင် အကောင်ထည် ဖော်နိုင်ရန်အတွက် မြေနေရာ ချထားပေးနိုင်ရန် အဆိုပြုလွှာကို  ဟိုတယ်လုပ်ငန်းရှင် ၂၆ ဦးမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ထားကြောင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းအသင်း (ပုဂံဇုန်) အတွင်းရေးမှူး ဦးဇော်ဝိတ် ကဆိုသည်။

"လက်ရှိ ရှိနေတဲ့ အခန်းအရေအတွက်နဲ့ ဧည့်သည်ပိုမို ဝင်ရောက်လာရင် လုံလောက်ဖို့ အခက်အခဲ ဖြစ်နိုင်တယ်။ မနှစ်ကထက်စာရင် ယခုနှစ် ခရီးသွား ဧည့်သည်တွေကို ပိုပြီးများလာတဲ့အတွက် အခုလို တိုးချဲ့နိုင်ဖို့ စီစဉ်တာဖြစ်တယ်"ဟု ဦးဇော်ဝိတ် က ပြောသည်။

ပုဂံတွင် လက်ရှိ ခရီးသွားဧည့်သည်များ တပြိုင်တည်း တည်းခိုနိုင်ရန် အခန်းပေါင်း ၂,၁၀၀ ကျော်ရှိသည်။  ပုဂံသို့ပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုမှာ  ၂၀၁၁ ခုနှစ်နှင့်ယှဉ်လျှင် ယခုနှစ် နှစ်ဝက်တွင် ခရီးသွား ဧည့်သည် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။

ပုဂံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်သည့် အရေအတွက်မှာ ၂၀၁၁ ခုနှစ်တွင် ၁၀၂,၅၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၂ တွင် ဇွန်လအထိ ၇၇,၅၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment