Saturday, September 8, 2012

ပိုဆိုးလာတဲ့ ကချင်ပြည် နယ်(ပေးစာ)


KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာ ဖော်ပြနေတဲ့ လူပြောသူပြော များတဲ့ ကချင်ပြည်နယ် ဘက်ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာ ကျောက်လုပ်နေ တဲ့ ကျွန်တော့် ဦးလေးတွေနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေ ကြည့်ရင်း ဒုက္ခသည်တွေကို လှူရင်းတန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေး အခြေအနေ မကောင်းလို့ ခဏရပ်ထားရတယ်။  ဟိုရောက်မှပဲ ကြောက်ရ ကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီး သံတွေ ဖားကန့်ကနေ မကြာခဏ ကြားနေရတယ်။ ဒေသခံတွေ မေးကြည့်တော့ KIA က တော်တော်လေး နယ်ချဲ့လာပုံ ရတယ်။ အရင်တုန်းက ဖားကန့်နယ်မြေမှာ ကေအိုင်ကေက အခုလောက်မများဘူးလို့ သိရတယ်။ သူတို့ရဲ့ အဓိက ဆက်ကြေးကောက်တဲ့ နေရာဆိုတော့ ဒီဒေသကို လက်မလွှတ် နိုင်ဘူးနဲ့ တူပါ တယ်။ နှစ်စပိုင်းတုန်း ကလည်း ကုမ္ပဏီတစ်ခုကို KIA က သိန်း ၂၀၀၀ တောင်းတယ်။ မပေးရင် Back Hole တို့ Loader တို့ မြေသယ်ယာဉ်တို့ကို မိုင်းခွဲပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ဈေးဆိုင်တွေနဲ့ လုပ်ငန်း အသေးလေးတွေ အပါအ၀င် ဆက်ကြေး အတင်း အဓမ္မ ကောက်ခဲ့ကြ တယ်။ ဓားပြတွေလိုပဲ။ အခြေအနေ မကောင်းတော့ ကုမ္ပဏီတွေ အိမ်ပြန် ခေါက်ကြတယ်။ သူတို့အကြိုက် ဖြစ်သွားတယ်။ သူတို့လူတွေနဲ့ ပေါင်းပြီး ခိုးထုတ်နေကြတယ်။ ရသမျှဟာ သူတို့ အတွက်ပဲလေ။ အချို့ကုမ္ပဏီတွေက မိုးကျလာတော့ ပစ္စည်းတွေ ပြန်မ သယ်နိုင်ဘဲ Site ထဲမှာ ပဲထားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့ ကဆို ရင် ရွှေဂေါင်ဂေါင် ကျောက်စိမ်း ကုမ္ပဏီထဲဝင်ပြီး ဆက်ကြေး တောင်းတာမရလို့ ကုမ္ပဏီက မိုးကျလို့ မသယ် နိုင်ဘဲ ထားခဲ့တဲ့ ယန္တရားတွေနဲ့ မြေသယ် ကားတွေ၊ ဂိုဒေါင်တွေ၊ အဆောက် အအုံတွေ အကုန်လုံး မီးရှို့ လိုက်တယ်လို့ သိရတယ်။
အခုလည်း အခြေအနေ မကောင်းလို့ ရွာကနေ ဖားကန့် ဘက်ကို ပြောင်းလာကြတာ အိမ်ထောင်စု ၁၀၀၀ ကျော်လောက် ရှိတယ်။ လူဦးရေကတော့ ၇၀၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ ကျွန်တော့် ဦးလေးတွေကလည်း သူတို့ရဲ့ အလုပ်သမား အသိတွေများတော့ လိုတာ တွေ လိုက်ကူညီ ပေးခဲ့ကြတယ်။ သူတို့တွေ ပြောပြချက် အရတော့ တပ်ရော၊ KIA ရော နေရာအတော် များများမှာ သူချကိုယ်ချ တိုက်ပွဲဖြစ် နေကြတယ်လို့ သိရတယ်။ နှစ်ဖက်စလုံး ကတော့ အထိအခိုက် ရှိတယ်လို့ ပြောတယ်။ သူတို့တွေ ဖားကန့်ကို တက်လာတော့ KIA နဲ့ မနည်းရှောင် ပြေးလာခဲ့ရတယ်။ ရွာသားတွေ မရှိရင် KIA က အထောက်အပံ့ မရမှာစိုးလို့ ရွာသား တွေကို ပေးမသွားဘူး။ ရွာသားတွေ မရှိရင် KIA က ဒီနယ်မြေမှာ ကြာကြာ မခံပါဘူးလို့ ရွာသား တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ စစ်တပ်လို သူတို့မှာ ရိက္ခာမရှိဘူးလေ။ ရွာသားတွေဆီကပဲ တောင်းစားရတာ။ မြစ်ကြီးနားက ကြက်ခြေနီ အဖွဲ့က ဒုက္ခသည် တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ဖားကန့်ကို ထွက်လာတဲ့ ကားတွေကို KIA က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ရွာနားမှာ လမ်းပိတ်ပြီး ပြန်မောင်း ထုတ်တယ်လို့  သိရတယ်။ သူတို့တွေ နေရာ အတော် များများမှာ မိုင်းတွေ ထောင်ထားတယ်။ စစ်တပ်တွေ ၀င်လာရင် ထိအောင် လို့ပေါ့။ ဒါပေမယ့် လောလော ဆယ် ရွာသားတွေပဲ ခံရတယ်။ မြစ်ကြီးနား ဆေးရုံမှာ ဆိုရင် မိုင်းထိလို့ ဆေးရုံတက် နေတာ တော်တော် များတယ်လို့ သိရတယ်။
ကျွန်တော့် ဦးလေးတွေနဲ့ ဗန်းမော်ကနေ လွယ်ဂျယ် ဘက်ကိုလည်း ရောက်ခဲ့သေးတယ်။ အဲ့ဒီဘက်ကလည်း အခြေအနေ သိပ်မဟန်ပါဘူး။ ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းပေါ် အချို့ နေရာတွေမှာတော့ စစ်သားတွေတွေ့ရတယ်။ လမ်းကြောင်း လုံခြုံရေး အဖွဲ့တွေဖြစ်ဟန် တူတယ်။ ကားတွေ၊ ဆိုင်ကယ် တွေတော့ သွားလာ နေကြတယ်။ ဒီဘက်မှာလည်း ကားလမ်း ပေါ်မှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်တယ်လို့ သိရတယ်။ လွယ်ဂျယ် ရောက်တော့ လီဆူးဘုရား ကျောင်းမှာ ဒုက္ခသည်တွေကို သွားလှူကြတယ်။ သူတို့တွေက အရင်က တရုတ်နိုင်ငံဘက် လားရင် ဒုက္ခသည် စခန်းမှာနေရင်း တရုတ်က လက်မခံလို့ ဒီကို ပြန်ရောက် လာကြတာ။ သူတို့တွေရဲ့ အဖြစ်ကြားရ တာလည်း စိတ်မကောင်း စရာပါပဲ။ အရင်က သူတို့ ခရိန်မုဒန်း၊ ဟန်ယော (ယောယုံ) ဗျင်ဝိုင်ရွာသား တွေပါ၊ KIA အစီအစဉ်နဲ့ ဒုက္ခသည် အမည်ခံပြီး တရုတ် နယ်စပ်မှာ နေတယ်။ ကြုံရာကျပန်း လုပ်ကိုင် စားရတယ်။ အလှူရှင်တွေက ရတဲ့ ငွေ/ပစ္စည်း တွေက ဒုက္ခသည် တွေဆီကို ရောက်မလာဘူး။ KIA ရန်ပုံငွေ ဖြစ်သွားတယ်လို့ ဒုက္ခသည် တွေရဲ့ ပြောပြတာကို ကြားခဲ့ ရတယ်။ အောက်ခြေမှာ ဒီလိုဖြစ်ပျက် နေတာ KIA ကိုကြောက်တော့ ဘယ်သူမှ မပြော ရဲကြဘူး။ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ပေးတဲ့ငွေတွေက KIA စစ်သား တွေကို ထောက်ပံ့ ပေးတာနဲ့ အတူတူ ပါပဲလေ။
တကယ်တမ်း နက်နက်နဲနဲ တွေးကြည့်ရင် KIA ဟာ အကြမ်းဖက် သမားလိုဖြစ်နေပြီ။ ကျွန်တော်တို့တွေ၊ အဖွဲ့အစည်းတွေက ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လူထုလှုံ့ဆော်တာ တစ်မျိုး၊ မီဒီယာ တွေကနေ တွန်းအားပေးတာ ကတစ်မျိုး နည်းမျိုးစုံနဲ့ KIA ဘက်ကနေပြီး ရပ်တည် ခဲ့ကြတယ်။ သမ္မတကြီးနဲ့ နအဖမျိုးဆက် ဖြစ်တဲ့ စစ်တပ်ကို တစ်ဖက်သတ် အပြစ်တင် ခဲ့ကြတယ်။ တကယ်တမ်း ကိုယ်တိုင် သွားကြည့်တော့ On Ground မှာ ဖြစ်ပျက် နေတာတွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ KIA အပေါ်မှာ ဒေသခံတွေ အနေနဲ့ အတော်လေး ကြောက်ရွံ့ နေကြတယ်။ ဒေသခံတွေ ခံစားနေရတဲ့ ခါးသီးမှုတွေဟာ အကြောက် တရားက လွှမ်းမိုး ထားတာကြောင့် ပပျောက်ကုန်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူ မှန်တယ် ဆိုတာ မဝေဖန် လိုပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စစ်ပွဲဆိုတာ အောင်နိုင်သူရဲ့ မှတ်ကျောက်ပဲလို့ စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ကိုတော့ ထောက်ထား သင့်ပါတယ်။ ဒီမိုကရေစီ အသီးအပွင့် ဖြစ်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်း မှုဆိုတာ  လူတိုင်း လိုချင်နေ ကြတာပါ၊ လက်နက်ကိုင် အဖွဲ့အစည်း ဆိုတာလည်း တိုင်းရင်းသား ပြည်သူ ထဲကပဲ ပေါက်ဖွားလာခဲ့တာပါ။ ပြည်သူ့အရေးဟာ သူတို့အရေး ကိစ္စဖြစ်တဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ အပစ်အခတ် ရပ်စဲပြီး တိုင်းရင်းသား အချင်းချင်း တန်းတူ အခွင့်အရေး ရရေးအတွက် စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲ ၀င်နေကြ ပြီလေ။ နိုင် ငံရေး ရေစီးကြောင်းနှင့် အတူ နောက်ကျန် မနေဘဲ KIA/KIO အနေနှင့်လည်း ကချင် လူမျိုးရေး၊ ကချင်ပြည်နယ် အရေးကိစ္စအတွက် စားပွဲပေါ်မှာပဲ တိုက်ပွဲဝင်သင့်ပြီလို့ ထင်တယ်။ ဟိုနေရာမှာ ဆွေးနွေးမယ်၊ ဒီနေရာမှာ ဆွေးနွေးမယ် ဆိုတာထက် မိမိပြည်တွင်းမှာ ပြည်သူ့ရှေ့ မှာပဲ ဆွေးနွေး သင့်ပါတယ်။ ဒီထက်ပိုပြီး ခေါင်းမာ နေရင်တော့ အကြမ်းဖက် သမားလို့ စွပ်စွဲရ လိမ့်မယ်။
 
ဝေယံမိုး

No comments:

Post a Comment