Thursday, September 6, 2012

လွှတ်တော်က ဖွဲ့စည်းပုံခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်

From- RFA 
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို စွပ်စွဲပြစ်တင်ချက် အထမြောက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြည်သူ့လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာနဲ့ ခုံရုံအား စွပ်စွဲပြစ်တင်ချက်ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၃၀၇ ဦး ရှိပြီး ပြည်သူ့လွှတ်တော်ရဲ့ ၃ပုံ ၂ပုံ ကျော်လွန်နေတဲ့အတွက် စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထောက်ခံသူ ၃၀၇ ဦး ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်တက်ဖို့ ပျက်ကွက်သူတွေတော့ မပါဝင်ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

သမ္မတကနေ လွှတ်တော်ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ် စိစစ်ပေးပါဆိုတဲ့ တာဝန်ပေးချက်အပေါ် အခြေခံဥပဒေခုံရုံးက ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးလို့ ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။

ဒီ ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်နဲ့ ခုံရုံးအကြား အငြင်းပွားမှုတွေ စတင် ဖြစ်ပေါ်ခဲ့ပါတယ်။

လွှတ်တော်က ခုံရုံးအဖွဲ့ဝင်တွေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ ဒီကိစ္စနဲ့ပတ် သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ သြဂုတ်လထဲ သမ္မတထံ သ၀ဏ်လွှာ ပေးပို့ခဲ့ရာမှာ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ စာပြန်ခဲ့ပါတယ်။

လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့ လုပ်ဆောင်ခဲ့ရာမှာ ခုံရုံးအဖွဲ့က အဲ့ဒီအဖွဲ့ကို ကန့်ကွက် ခဲ့ပြီး လာရောက်စစ်ဆေးခံခြင်း မပြုခဲ့ပါဘူး။

အဲ့ဒီနောက် ဒီနေ့လွှတ်တော်မှာ ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်လိုက်ကြတာ ဖြစ်ပါတယ်။

အခုလို လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်တဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ နဲ့ပတ်သက်ပြီး ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အခုလို ပြောပါတယ်။

“စွပ်စွဲပြစ်တင်ဖို့ထိုက်တဲ့ကိစ္စမျိုးဆိုရင်တော့ ဒီနေ့ဆုံးဖြတ်သလို စွပ်စွဲပြစ်တင်တယ်လို့ ၃ ပုံ ၂ ပုံကျော်က ဆုံးဖြတ်ရင် စွပ်စွဲပြစ်တင်တာ အတည်ဖြစ်သွားတယ်။ အတည်ဖြစ်သွားပြီးဆိုရင် သူတို့က လက်ရှိ ဒီရာထူးမှာ ဆက်လက် ထမ်းဆောင်လို့ မရတော့ဘူးပေါ့။ စွပ်စွဲပြစ်တင်ခြင်း လုပ်လိုက်တာနဲ့ တပြိုင်တည်း ရာထူးက ဖယ်ဖို့ အကြောင်းရင်း ဖြစ်သွားတာပေါ့။”

အခြေခံဥပဒေခုံရုံးကို အဖွဲ့ဝင် ၈ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်က ၂၀၁၀ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဖြစ်ပါတယ်။

အခု ဖြစ်ခဲ့တဲ့ လွှတ်တော်နဲ့ ခုံရုံးအဖွဲ့ကြား ပြဿနာဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှုတ ရပ်ဖြစ်ပြီး အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တယ်လို့ ဦးကိုနီက ပြောပါတယ်။

“သမ္မတနဲ့ ပြည်သူ့လွှတ်တော်နဲ့ အားပြိုင်ပွဲပါ။ ပြည်ထောင်စုလွှတ်တော်နဲ့ အားပြိုင်ပွဲပါ။ အဲဒီအားပြိုင်ပွဲမှာ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အခါမှာ ခုံရုံးက သမ္မတဘက်က ရပ်တည်ပြီးတော့မှ ပြည်သူ့လွှတ်တော်က ဖွဲ့တဲ့အဖွဲ့တွေဟာ၊ အမျိုးသားလွှတ်တော်က ဖွဲ့တဲ့အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဆုံးဖြတ်ပေးလိုက်တယ်။ အဲလို ဆုံးဖြတ်ပေးလိုက်တဲ့အခါမှာ သမ္မတဘက်က နိုင်သွားတဲ့သဘော ရှိတယ်။ ပြဿနာက ဘယ်ဘက်ကို ဆက်လှည့်သွားလဲဆိုတော့ ခုံရုံးမှားတာပဲဆိုပြီးတော့ ခုံရုံးနဲ့ ပြည်သူ့ လွှတ်တော်နဲ့ ပြဿနာဖြစ်သွားတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပြဿနာတွေက ရှိရမှာပဲ။ အဲတော့ ရှိတဲ့ပြဿနာကို ကျနော်တို့က အခုလို ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ညီအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာဟာ သဘောကျတယ်။ အဖြေဟာ ခုံရုံးအတွက် ၀မ်းနည်းစရာ ကောင်းတယ်၊ ခုံရုံးအဖွဲ့ဝင်လူကြီးတွေအတွက် တော်တော်လေး စိတ်ထိခိုက်ခံစားရတယ်။ ဒါပေမယ့် တဖက်ကတော့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို စမ်းသပ်မှုတရပ်ဟာ အောင်အောင်မြင်မြင် ကျနော်တို့ ဖြတ်သန်းနိုင်တယ်လို့ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။”

No comments:

Post a Comment