Tuesday, September 11, 2012

ကချင်လူထုမှ KIA လုပ်ရပ်နှင့်ပတ်သက်သော သက်သေများ ပေးပို့လျက်ရှိ

ကချင်ပြည်နယ်အတွင်း စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ် ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ကလည်း KIA ရဲ့ ကချင်ပြည်နယ် အတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေ၊ လူသစ်စု၊ ဆက်ကြေးကောက် မှုတွေ၊ အပြစ်မဲ့အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေကို ထောက်ပြနေပြီး KIA ကလည်း စစ်တပ် ကို ပြန်လည်စွပ်စွဲ ပြောဆိုလျက်ရှိပါတယ်။



ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာသိဖို့ သက်သေလိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တွေကပေးပို့တဲ့ သက်သေအချို့ ကချင်သတင်းဌာနကို ရောက်ရှိလာပါတယ်။ KIAက လူသစ်စု၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ဗုံးခွဲလုပ်ရပ်တွေ လုပ်နေတာအမှန်ပင်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ဖော်ပြပေးဖို့လည်း ပေးပို့သူတွေက တောင်းဆိုထားကြပါတယ်။ ကချင်သတင်းဌာန ကို ရောက်ရှိ လာတဲ့ ပထမဆုံးသက်သေကတော့ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ KIO စစ်ရုံးကနေ လက်အောက်တပ် မဟာတွေကို အကြောင်းကြားတဲ့ လူသစ်စုဆောင်းရေးစာ ဖြစ်ပါတယ်။

မူရင်းစာက ကချင်လိုဖြစ်ပေမယ့် အားလုံးသိရအောင် မြန်မာဘာသာပြန်ဆိုပေးလိုက်ပါတယ်။ အဓိကအချက်တွေကတော့ KIO အဖွဲ့အတွင်း တိုက်ပွဲတွေမှာ အကျအဆုံးများခြင်း၊ တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးခြင်းများရှိနေတဲ့အတွက် အင်အားနည်းပါးလာကြောင်း၊ တပ်သားအသစ်များရရှိဖို့ ဖမ်းဆီးစုဆောင်းခြင်းများ ဆောင်ရွက်ရန်နဲ့ ထွက်ပြေးတဲ့ တပ်သားများကို သတ်ပစ်ရန် စတဲ့ အချက်များ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒုတိယပေးပို့လာတာကတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီးမှာရှိတဲ့ ရွှေကြယ် ကုမ္ပဏီနဲ့ ရွှေဒေါင်းမင်းကုမ္ပဏီ လူကြီးတွေဆီကို KIA စီးပွားရေးတာဝန်ခံဆိုသူက သူ့ဆီကိုဆက်သွယ်ဖို့  ရေးသားပေးပို့ ထားတဲ့စာဖြစ်ပါတယ်။ မှတ်ချက်မှာတော့ မြင်တဲ့အတိုင်း ပျက်ကွက်ပါက အရေးယူခြင်း ခံရမယ်လို့ပါတယ်။ အဓိကငွေတောင်းဖို့ပါ။ “သူတောင်းစားကတော့ လူရှေ့မှာ ဗြောင်တောင်းပါတယ်။ လူရှေ့မထွက်ရဲတဲ့ KIA က တောထဲကနေ စာနဲ့ရေးပြီးတောင်းပါတယ်။ သူတောင်းစားနဲ့ KIA ဒါပဲကွာတယ်။”လို့ပါ ဖော်ပြပေးဖို့ သတင်းပေးပို့သူက ဆိုလာပါတယ်။ 




တတိယပေးပို့လာတာကတော့ ၃၁-၈-၂၀၁၂ ရက်စွဲနဲ့ လွယ်ယာန်ဘွန်မြို့နယ်မှူးဆိုသူကနေ ကသာမြို့နယ် အတွင်းက မြို့လှ၊ မှတ်တိုင်နဲ့ ဂိုဒေါင်ကြီးကျေးရွာဘေးတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက် အရ မိုင်းထောင်ထား ကြောင်း အသိပေးတဲ့စာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသား ၄ ဦး KIA ရဲ့မိုင်းတွေ နင်း မိသေဆုံးပြီးမှသာ အကြောင်းကြား လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ကချင်ဒေသခံ လူထုတွေကပေးပို့တဲ့ သက်သေများအရတော့ KIA အတွက် ဘယ်လိုမှ ငြင်းမရနိုင် ပါဘူး။ အများသိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားပေးပို့သူ များကို ကျေးဇူးတင် ရှိကြောင်း ကချင်သတင်းဌာနက ပြောပါရစေ။ ထပ်မံပေးပို့လိုသူများ ရှိပါကလည်း အချိန်မရွေး ပေးပို့ နိုင် ပါကြောင်းနဲ့ KIA အကြောင်း တစ်ကမ္ဘာလုံးက အမှန်အတိုင်းသိအောင် ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ်
From -ကချင်နေ့စဉ်သတင်း 

No comments:

Post a Comment