Saturday, September 8, 2012

MCC ခန်းမတွင် ကားနှင့် လူသုံးကုန်ပစ္စည်းများ အရစ်ကျ စနစ်ဖြင့် ရောင်းချမှုကြောင့် ဝယ်ယူသူများ အဆင်ပြေ

From- The Voice Weekly
ရန်ကုန်မြို့တော် ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ ၆ရက်နေ့က ကျင်းပသော ကားနှင့် လူသုံးကုန် ပစ္စည်းပြပွဲတွင် ဘဏ်ငွေသွင်း စနစ်ဖြင့် အရစ်ကျ ရောင်းချပေးမှုကြောင့် ဝယ်ယူသူများ ယခင်ထက် အဆင်ပြေစွာ ဝယ်ယူနိုင်ကြကြောင်း ကမ္ဘောဇဘဏ် လက်ထောက် အထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက ပြောကြားသည်။
Greation Strength ကုမ္ပဏီက ဦးစီးကျင်းပသော ယင်းပြပွဲတွင် မော်တော်ယာဉ် ကုမ္ပဏီ ၂၀ ကျော် ပါဝင်ပြသ ရောင်းချခဲ့ပြီး အခြား လူသုံးကုန် ပစ္စည်းကုမ္ပဏီ ၂၀၀ ကျော်လည်း ပါဝင်ခဲ့ကြောင်း ၊ မော်တော်ယာဉ် ၊ တိုက်ခန်းများနှင့် တန်ဖိုးကြီး ပစ္စည်းအချို့အား ဘဏ်ငွေသွင်း စနစ်ဖြင့် အရစ် ကျ ရောင်းချပေးခဲ့ကြောင်း အဆိုပါကုမ္ပဏီက တာဝန်ရှိသူ ဦးစိုးလှိုင်က ဆိုသည်။

ကျပ်သိန်း ၂၀၀ အောက် ကားများအား အရစ်ကျ စနစ်ဖြင့် ရောင်းချရာတွင် ၂၀ ရာခိုင်နှုန်း ပေးသွင်း ရုံဖြင့် မော်တော်ယာဉ် အား လက်ဝယ်ပိုင်ဆိုင် အသုံးပြုနိုင်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို တစ်နှစ် အတွင်း ပေးချေနိုင်ကြောင်း၊ကျပ်သိန်း ၂၀၀ နှင့် အထက် ကားများကိုမူ နှစ်နှစ်သုံးနှစ် ကာလအတွင်း အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း၊ ငွေပေးသွင်းမှု ပျက်ကွက်မှု များ ဖြစ်ပေါ်ပါကလည်းဒဏ်ကြေးပေးဆောင်သည့် စနစ်ကိုပါ ထည့်သွင်းပေးထားကြောင်းဥတ္တရမြေ ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးမင်းဦးက ပောကြားသည်။

“ဒီမှာဝယ်ရတာ ပိုအဆင်ပြေတယ်။၂၀ ရာခိုင်နှုန်း ပေးရုံနဲ့ ကားပိုင်နိုင်တာ ဝန်ထမ်းတွေ အတွက် တော်တော် အဆင်ပြေတယ်။ဘဏ်တိုးနှုန်းကလည်း သက်သာတယ်” ဟု အဆိုပါပြပွဲတွင် အရစ်ကျ စနစ်ဖြင့် ကားဝယ်ယူခဲ့သူ တစ်ဦး ကပြောသည်။

ယင်းပြပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲ နှင့် ဖျော်ဖြေရေး အစီအစဉ်များလဲ ပါဝင်ကြောင်း ၊ အလားတူ ပြပွဲများကို မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့ နှင့် တောင်ကြီးမြို့များ တွင် စက်တင်ဘာလ အတွင်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ တစ်ဦးက ပြောသည်။

No comments:

Post a Comment