Wednesday, October 3, 2012

မြန်မာ့အပြောင်းအလဲ အမေရိကန်တွင် မှတ်ကျောက်တင်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကပြောသည်။

ယခင်က အတိုက်အခံများ ဖြစ်ခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်နှစ်ဦးမှာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများအတွက် အမေရိကန်ခရီးစဉ်တွင် တစ်ဦးကိုတစ်ဦး အလေးအနက် ချီးကျူးအသိ အမှတ်ပြု ပြောကြားခဲ့ကြသည်။ ထို့အပြင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားရန် နှစ်ဦးစလုံးက တူညီစွာတိုက်တွန်းခဲ့သည်။ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည့်အပြင် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ဆယ်စုနှစ်များစွာ အတွင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ကမ္ဘာ့စင်မြင့်ထက်မှ ချီးကျူးဂုဏ်ပြုမှုကိုလည်း ပြုလုပ်ခဲ့သည်။
“အခုခရီးစဉ်က ကျွန်တော်တို့ အနှစ်နှစ်အလလက မျှော်လင့်ခဲ့တဲ့ မြင်တွေ့ချင်တဲ့ အနေအထားမျိုးကို ဒါပထမဆုံး စတွေ့ရတယ်။ အဲဒီအတွက် သမ္မတရော၊ ဒေါ်အောင်ဆန်းစုကြည် ကိုရော ကျေးဇူး တင်တယ်”ဟု နိုင်ငံရေးစာရေးဆရာကျော်ဝင်းက ပြောသည်။
“နှစ် ၅၀၊ ၆၀အတွင်းမှာ ဒီမိုကရေစီကို ကူးပြောင်းတဲ့ကာလအပြီးမှာ နှစ်ယောက်လုံးသွားတဲ့ ခရီးစဉ်ဟာ အင်မတန်မှပဲ အကျိုးရှိတယ်လို့ ကောက်ချက်ချရမှာပဲ”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပြောသည်။
“ကျွန်တော်တို့က ကြိုဆိုပါတယ်။ တစ်ချိန်တုန်းက ဗိုလ်ချုပ်ကြီး၊ စစ်ဘက်ခေါင်းဆောင်တစ်ယောက်နဲ့ တစ်လျှောက်လုံးမှာ အတိုက်အခံ ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ အခုအချိန်မှာကျတော့ နိုင်ငံတော်သမ္မတကြီးအဖြစ် တစ်ယောက်ကလည်း လွှတ်တော်နိုင်ငံရေး ထဲမှာ ထဲထဲဝင်ဝင် ဆောင်ရွက်လာတဲ့ လူထုခေါင်းဆောင်တစ်ယောက်အဖြစ် ပုံရိပ်တွေပေါ့။ ဒါတွေဟာ နိုင်ငံတကာ စင်မြင့်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး တွေ့ရတဲ့မြင်ကွင်း ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲ အလားအလာအတွက် မျှော်လင့်ချက်တွေကို လူထုကိုရော နိုင်ငံတကာကိုရော ပေးလိုက်တဲ့ သတင်းစကားပေါ့”ဟု ၈၈ မျိုးဆက် ကျောင်းသားေ ခါင်းဆောင် တစ်ဦးဖြစ်သော ဦးကိုကိုကြီးကပြောသည်။
လက်ရှိအခြေအနေများကို ပိုမိုတိုးတက်ရန် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများဖြစ်သော အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးအင်အားစုအသီးသီး၊ အဖွဲ့အစည်းများ၊ လူထုအပေါ်တွင် သြဇာရှိသော ပုဂ္ဂိုလ်များမှာ ၀ိုင်းဝန်းဆောင်ရွက်သွားရန် လိုကြောင်းလည်း ဦးကိုကိုကြီးက ဆက်လက်တိုက်တွန်းသည်။
“သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကမှာ ဆောင်ရွက်ချက်တွေဟာ နိုင်ငံရှေ့ရေး နဲ့ နိုင်ငံအတွက် အရမ်းကိုဟာမိုနီ(harmony) ဖြစ်တယ်။ အနှစ်နှစ်အလလက စောင့်ခဲ့ရတဲ့ ဆန္ဒတွေပြည့်ဝခဲ့ တယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကလည်း သူ၏အမြင် ကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်ကွန်ဂရက်၏ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူစဉ်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ၏ ဦးဆောင်မှုနှင့်အတူ သက်တမ်းနုနယ်သေးသော်လည်း လျင်မြန်စွာ ရင့်ကျက်နေပြီဖြစ်သော ဥပဒေပြုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီတန်ဖိုး ထားသော ပြည်သူတစ်ရပ်လုံးက ခေတ်သစ်ကမ္ဘာတွင် မြန်မာနိုင်ငံကို ထိုက်တန်သော နေရာမှန် ရရှိရန် အင်အားပြည့်ဖြင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
“ယခင်က နိုင်ငံရေးအဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌအနေဖြင့် လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ဒီမိုကရေစီကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူပါ တယ်”ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်ခက်ခဲနက်နဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော် ကောင်းစွာသတိပြုမိပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအသိုက်အ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများအပေါ် သက်သက်မှီခို ရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်”ဟု သမ္မတက ဆက်လက်ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အင်စတီကျူဒ်တွင် ပြောကြားသော မိန့်ခွန်း၌ “ပိတ်ဆို့တားဆီးမှုတွေ ဖြေလျှော့ပေးဖို့ရာ ကျွန်မ တကယ်ပဲ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံသားတွေဟာ သူတို့ရဲ့ အန္တိမပန်းတိုင်အတွက် စတင်တာဝန်ယူရမှာမို့ ဖြစ်ပါတယ်။ ဒီမိုကရေစီအရှိန်ကို ဆက်လက်ထိန်းသိမ်းဖို့ရာ အမေရိကန်ရဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ် ကျွန်မတို့ မေ့မနေသင့်ပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ကြရပါမယ်”ဟု ပြောခဲ့သည်။
“ဒီကာလအတွင်းမှာ ဒီလောက်ဖြစ်မယ်လို့ မထင်ထားဘူး”ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်း ကလည်း သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကတွင် အတိုင်အဖောက်ညီညီ တိုင်းပြည်အတွက် စွမ်းဆောင်ခဲ့မှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။
ဒေါ်အောင်ဆန်းစုကြည်က ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် လိုအပ်ချက်များ ရှိနေပြီး၊ ပြည်ပနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြောကြားခြင်း၊ သမ္မတက မြန်မာ့ အပြောင်းအလဲ နောက်ကြောင်းပြန်မည် မဟုတ်ကြောင်း ပြောကြားချက်တို့ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများနှင့် အကူအညီပေးလိုသူများအတွက် ယုံကြည်မှု ပိုမိုရှိလာပြီး မြန်မာနိုင်ငံကို ကူညီချင်စိတ် တိုးပွား လာစေနိုင်ကြောင်း ဒေါက်တာထွန်းဝင်းက သုံးသပ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်တွေက စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေ၊ အကျင့်ေ တွ ပြောင်းနေပြီ။ ပြည်သူတွေနဲ့ အောက်ခြေကလူတွေ ပြောင်းလဲရင် ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီ က ပြည့်စုံပြီပေါ့”ဟု သမ္မတမိန့်ခွန်းကို ဖတ်ကြားရင်း ကိုကျော်စွာက ဖေ့စ်ဘွတ်ခ်တွင်  မှတ်ချက်ပေးသည်။

From- 7Day News Journal

No comments:

Post a Comment