Wednesday, October 17, 2012

ရန်ကုန်တိုင်းညီလာခံကော်မရှင်က ဖုန်းငွေဖြည့်ကဒ် လစဉ် ထောက်ပံ့မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီညီလာခံမပြီးခင်ကာလ အထိ   ကော်မရှင်များအဖွဲ့ဝင်များ ခရိုင်(၄)ခုမှ ဥက္ကဌနှင့်    အတွင်းရေးမှူးများ  အတွက် တစ်လလျှင် ဖုန်းငွေဖြည့်ကဒ် တစ်ကဒ်စီ လစဉ် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဒီချုပ် ရန်ကုန်တိုင်းညီလာခံကျင်းပရေးကော်မရှင်က သိရသည်။

“အဖွဲ့ဝင်တွေကိုတော့ တစ်လကို တစ်သောင်းတန်ငွေဖြည့်ကဒ် တစ်ကဒ် ထောက်ပံ့ပေးသွားမှာပါ။ ခရိုင်တစ်ခုမှာ ဥက္ကဌနဲ့အတွင်းရေးမှူးရှိမယ် ခရိုင်(၄)ခုဆိုတော့ (၈)ဦးပေါ့ သူတို့ကိုတော့ တစ်ဦးကို ငါးထောင်တန်တစ်ကဒ်လောက် ပဲ ထောက်ပံ့နိုင်မှာပါ။ မြို့နယ်က လူတွေမပါဘူး” ဟု ရန်ကုန်တိုင်း ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးဘိုဘိုဦးက ပြောသည်။


ဒီချုပ်ပါတီမှ ရန်ကုန်တိုင်းညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့ဝင်(၁၂)ဦးရှိပြီး၊ ရန်ကုန်တိုင်းအရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်းခရိုင်တို့မှ ဥက္ကဌနှင့် အတွင်းရေးမှူး(၈)ဦးအထိရှိကြောင်း သိရသည်။


ရန်ကုန်တိုင်းညီလာခံကျင်းပရေးကော်မရှင်မှ ဖုန်းကဒ်ထောက်ပံ့ပေးရခြင်းမှာ ညီလာခံအတွက် တစ်ဦးနှင့်တစ်ဦး ဖုန်းဖြင့်ဆက်သွယ်မှု ပိုများလာမည်ဖြစ်ခြင်းကြောင့် ထောက်ပံ့ရခြင်းဖြစ်ပြီး ထိုကဲ့သို့ ထောက်ပံ့နိုင်ရန်နှင့် ညီလာခံကျင်းပရေးအတွက် ကုန်ကျစရိတ်များကို အဆိုပါ ညီလာခံ ကျင်းပရေး ကော်မရှင် ရံပုံငွေဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


“ဖုန်းစရိတ်က တိုင်းညီလာခံကျင်းပရေးကော်မရှင် ရံပုံငွေနဲ့ထောက်ပံ့တာ ၊ ညီလာခံအတွက် ရပ်ကွက်ဆင်းပြီး ဟောပြောတာတို့၊ ညီလာခံအတွက် သုံးတဲ့စရိတ်အားလုံးကို အဲ့ဒီရံပုံငွေကပဲ ယူတာပါ။ အဲ့ဒီအတွက်လည်း လှူမယ်ဆိုရင် လှူနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင် ကိုသီဟန်က ပြောသည်။


ဒီချုပ်ပါတီ၏ ဗဟိုညီလာခံကျင်းပရေးနှင့် ပတ်သက်၍ လာမည့် ၂၀၁၂ခုနှစ် အောက်တိုဘာ ၁၇ရက်နေ့တွင် ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီ၌ နေ့လည်(၁)နာရီတွင် ပါတီမှရပ်ကွက်၊ မြို့နယ်၊ တိုင်းဒေသကြီးအသီးသီးမှ အဖွဲ့ဝင်များ၊ ခရိုင်ဥက္ကဌနှင့် အတွင်းရေးမှူး စုစုပေါင်း ဦးရေ (၆၀၀) ၀န်းကျင်ဖြင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment