Wednesday, October 17, 2012

မပြောချင်ပေမယ့်လည်း မပြောမဖြစ်လို့ ပြောရအုံးမယ် အပိုင်း(၁)

အောက်တိုဘာလ၊ ၈ ရက်နေ့က ထွက်ခဲ့တဲ့ The Myanmar Times ဂျာနယ်၊ အတွဲ ၃၃ မှာပါခဲ့တဲ့ ကာတွန်းဟန်လေးရဲ့ ကာတွန်းလေးတစ်ကွက်ကို ကြည့်ရင်းနဲ့ အတွေးတွေ နယ်ချဲ့မိပြီး ပြောစရာလေးတွေ ဖြစ်လာ ပါတယ်ဗျာ….။ ကာတွန်းကတော့ အစိုးရက ငြိမ်းချမ်းရေး ငှက်ကလေးတွေ လွှတ်နေတယ်.. ဘေးက စစ်ဝတ်စုံနဲ့ တစ်ယောက်က ငှက်ကလေးတွေကို ပစ်ချနေတာပါပဲ။

ကျွန်တော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန်မြှင့်ပြီး ပြောင်းလဲဆောင်ရွက်နေတာ မြန်မာ လူထုကသာမက တစ်ကမ္ဘာလုံးကပါ အသိအမှတ်ပြုနေကြတာ အားလုံးမြင်တွေ့နေကြတာပဲ ဖြစ်ပါတယ်။
 ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိအောင် အဓိကထား ဆောင်ရွက်နေတာကြောင့် တစ်ပြည်လုံးနီးပါး ငြိမ်းချမ်းရေး ရရှိခဲ့ပါတယ်။ KIA ကတော့ကျန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မက်ခဲ့တဲ့ ``၀မ်ပေါင်သမ္မတနိုင်ငံတော်´´ဆိုတဲ့ လွဲမှားနေတဲ့အမျိုးသားရေး အစွဲကြီးကြောင့် ခုထိငြိမ်းချမ်းရေး မရနိုင်ခဲ့ပါဘူး။ အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှလည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုကြီး ပြိုကွဲစေရန် ရည်ရွယ်ထားတဲ့ တောင်းဆိုချက်များကြောင့် လိုက်လျော နိုင်ခြင်း မရှိခဲ့ပါဘူး။
တပ်မတော်အနေနဲ့လည်း နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခတ်ခြင်း၊ KIA စခန်းများအား ချီတက်ထိုးစစ်ဆင်ခြင်းမပြုရန် စတဲ့ညွှန်ကြားချက်များကြောင့် KIAစခန်းများအား တိုက်ခိုက်သိမ်းပိုက်ခြင်း မရှိခဲ့သလို ရန်စတိုက်ခိုက်ခြင်းမရှိခဲ့ပါဘူး။ KIA အဖွဲ့မှ တပ်မတော်စစ်ကြောင်းများ၊ စခန်းများကို ပစ်ခတ် တိုက်ခိုက်နေတာကိုလည်း သည်းခံခဲ့ပါတယ်။
တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာ ပြောနေစရာမလိုတဲ့ သမိုင်းပေးတာဝန်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ``တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်´´ လို့ ဖော်ပြထားပါတယ်။ ယခုလက်ရှိ တိုက်ပွဲများဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှာ ငြိမ်းချမ်းရေးသဘောတူညီမှုများကို ဖောက်ဖျက်ခဲ့တာကြောင့် တပ်မတော်ကဥပဒေနဲ့အညီ တိုက်ခိုက်နိမ်နှင်း နေရတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးဟာ အရေးပါကြောင်းသိထားပြီး နိုင်ငံတော် တိုးတက်ရေးအတွက် အသက်နဲ့ခန္ဓာတွေကို စွန့်လွတ်ပြီး ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
The Myarmar Times ဂျာနယ်ပါ ဟန်လေးရဲ့ ကာတွန်းပုံက ငြိမ်းချမ်းရေးကို လိုလားသူတွေအတွက် မမြင်အပ်တဲ့ အရာဖြစ်ပါတယ်….ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ အစိုးရနဲ့တပ်မတော်ကြား သွေးခွဲပြီး တပ်မတော်ကို ပြည်သူတွေမျက်မုန်းကျိုးအောင် ရည်ရွယ်ထားတဲ့ ဆောင်ရွက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့် ပြောရလဲဆိုတော့ ကာတွန်းဟန်လေးရဲ့ လက်ရာတွေက တပ်မတော်ကို အဓိကထား တိုက်ခိုက် ထားတယ်ဆိုတာ ယခင်ရေးဆွဲထားတဲ့ ပုံတွေက သက်သေခံနေပါတယ်။ Myarmar Times လို ဂျာနယ်ကြီး တစ်စောင်အနေနဲ့ ဒီလိုနိုင်ငံတော်အဖွဲ့အစည်းတစ်ခုကို အပုပ်ချထားတဲ့အကြောင်းအရာမျိုးကို ဖော်ပြဖို့ မသင့်ပါဘူး။ သတင်းလွတ်လွပ်ခွင့် ရပြီဆိုပေမယ့်လည်း သူတစ်ပါးကို အပုပ်ချအရေးအသားမျိုးကို ဖော်ပြရန် သင့်/မသင့်ကတော့ အယ်ဒီတာချုပ်၊ စာတည်းမှူးတွေ နားလည်မှာဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ ပြည်သူတွေအတွက် အဓိကထားလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စတွေမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေ ချိန်မှာ Myarmar Times ဂျာနယ်က လူလက်တစ်ဆုပ်စာက ငြိမ်းချမ်းရေးကို ဘာကြောင့် အနှောက်အယှက်ပေးခြင်ရတာလဲ..
တပ်မတော်အနေနဲ့ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားများနှင့် အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိတာကိုလည်း လက်တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။တပ်မတော်အနေနဲ့ ယနေ့ကာလမှာ ပြည်သူများရဲ့ ကျုန်းမာရေး၊ ပညာရေးလုပ်ငန်းများကို လူသူအရောက်အပေါက်နည်းတဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသများအထိ လိုက်လံကြည့်ရှုစောင့်ရှောက်ပေးနေတာကိုလည်း အမြဲမြင်တွေ့နေရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တာကလည်း တာဝန်ပေးလို့လုပ်ဆောင်နေတာမဟုတ်ဘဲ ပြည်သူ့အကျိုးကို အသိစိတ်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် ယခင်ကာလကတည်းက နိုင်ငံတော်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ်ခဲ့သလို နောင်တွင်လည်းကောင်းသော သမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်သွားမှာ မလွဲဧကန်ဖြစ်ပါတယ်။
 

1 comment:

  1. တပ်မတော်မှာ ၄င်း ကိစ လိုဟာမျိုး ကို တရားရုံးမှာပုဒ်မ ၅၀၀ ဖြင့် တရားစွဲ လို့ ရတာဘဲ

    ReplyDelete