Monday, October 15, 2012

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက (၂၄)နှစ်ပြည့် အခမ်းအနားကျင်းပ

ပြည်သူအကျိုးအားရှေးရှုသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အပါအ၀င် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ ပြောင်းလဲရေးလုပ် ငန်းစဉ်များ ပါဝင်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အနာဂါတ် လုပ်ငန်းစဉ်များအား ပါတီဥက္ကဋ္ဌက ပါတီ၏ (၂၄)နှစ်ပြည့် အခမ်းအနားတွင် ရှင်းပြခဲ့သည်။

"ကျွန်တော်တို့ တိုင်းပြည်ငြိမ်းချမ်းရေး ရနိုင်ဖို့ဆိုလို့ရှိရင် အားလုံး ပြေပြေလည်လည်ဖြစ်ဖို့ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကလည်း အနှောင့်အယှက်အဟန့်အတားတစ်ခု အကန့်အသတ် တစ်ခု လို ဖြစ်နေတယ်၊ ဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြုနိုင်ပါမှ ပြင်နိုင်ပါမှ တစ်စုံတစ်ရာ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်လိမ့်မယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်းပဲ အရိပ်အရောင် ကျွန်တော်တို့ တွေ့ရလိမ့်မယ်လို့ ယူဆတယ်၊ ဒါကြောင့်မို့ ဒီသဘောထားကို ထုတ်ပြန်တာ ဖြစ်ပါတယ်။"ဟု DPNS ဥက္ကဌ ဦးအောင်မိုးဇော် က ပြောသည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ပါတီတည်ထောင်သည့် ၂၄ နှစ်ပြည့် အခမ်းအနားအား ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ ၄င်းတို့ပါတီဌာနချူပ်ရုံးတွင် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။



အဆိုပါ ပါတီတည်ထောင်ခြင်း ၂၄ နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူတွေ၊ အလုပ်သမားအခြေပြုအဖွဲ့များအပါအ၀င် ပါတီဝင် ၁၅၀ ခန့် တတ်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေဆဲကာလ၌ ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း၊ တိုင်းရင်းသားဒေသများမှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေခြင်း၊ အလုပ်သမားနှင့်တောင်သူများ၏ လူထုအခြေခံအခွင့်အရေးချိုးဖောက် ခံရခြင်း၊ ကျောင်းသားများ၏ အနာဂါတ်အခွင့်အလမ်း မရေရာမှုများရှိခြင်း စသည့်အချက်များကြောင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ လက်တွဲဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာလည်း ၄င်းပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


" ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လှုပ်ရှားရမည့် လှုပ်ရှားမှုကလည်း မပြီးသေးဘူး၊ တစ်ပြိုင်နက်တည်းမှာ ဒီမိုကရေစီအရေးအတွက် ကျွန်တော်တို့ လှုပ်ရှားရမယ့် လှုပ်ရှားမှုကလည်း မပြီးသေးဘူး၊ မပြီးသေးဘူးဆိုတဲ့အခါကြတော့ ကျနော်တို့ အင်အားစုတွေ အားလုံး ခိုင်ခိုင်မာမာ ဆက်ပြီးတော့ လက်ချိတ်ထားဖို့လိုတယ်၊ ခိုင်ခိုင်မာမာ ဆက်ပြီးတော့ လက်တွဲဖို့လိုတယ်၊ ကျွန်တော်တို့ ရှေ့လာမည့် အကြပ်အတည်း အခက်အခဲတွေကို ဆက်ပြီးတော့ ကြံ့ကြံ့ခိုင်ပြီးတော့ တွန်းလှန်နိုင်ဖို့ ဒါမှမဟုတ် ကျော်လွားနိုင်ဖို့ လိုအပ်တယ် "ဟု ၄င်းက ဆက်ပြောသည်။


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း သန္ဓေ္ဓတည်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့၌ အလုပ်သမား၊ လယ်သမား၊ လူငယ်ကျောင်းသားများနှင့် စုစည်း စတင်တည်ထောင်ခဲ့ပြည်ပအခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။
 
သံလွင်

No comments:

Post a Comment