Monday, October 8, 2012

ရန်ကုန်အခြေခံပညာကျောင်းများ၌ အန္တရာယ်ရှိအစားအသောက်အကြောင်း ပညာပေးဟောပြောမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်း များတွင် အန္တရာယ်ရှိသော အစားအသောက်နှင့် မုန့်ပဲသရေစာများ မရောင်း ချမိစေရန် စားသုံးသူကာကွယ်ရေးအသင်းနှင့် စည်းရုံးရေးနှင့် ပညာရေးကော်မ တီတို့မှ ပူးပေါင်းကာ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ "ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ လူငယ်၊ ကလေးငယ်တွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အစားသောက်တွေ ကို စားသုံးနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ။ ပညာရှင် တွေကလည်း ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ပြီး တက်နိုင် သမျှ ကျောင်းတွေမှာ ကျန်းမာရေး ပညာပေးဟော ပြောပွဲလေးတွေ လုပ်ဖို့လည်း စီစဉ်ထားပါတယ်"ဟု စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌဦးဗအုပ်ခိုင် က ပြောသည်။

လက်ရှိကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော မုန့်များတွင် ပြည်တွင်း ထုတ်တံဆိပ်များ ပါရှိသော်လည်း သက်တမ်း ကုန်ဆုံးရက်၊ လိပ်စာမပါရှိခြင်း၊ ကုန်ဆုံးရက်ပါရှိသော်လည်း ချဉ်သိုး နေခြင်း၊ မှိုတက်နေခြင်း၊ ဆိုးဆေးနှင့် အက်စစ်များပါရှိ အချဉ်များဖြင့် ဆက်စပ်ရောင်းချသော အကြော်စုံ၊ အသုပ်စုံ၊ ဒုတ်ထိုး၊ ယိုးဒယားအကင်များအား ရောင်းချခွင့်မပြုရန် ကျန်းမာရေးအသိပညာပေး ဟောပြောမည့် အစီအစဉ်ဖြစ်သည်။

"ကောင်းပါတယ်။ ကလေးတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကလေးမိဘ တွေကရော ပါဝင်ဆောင်ရွက် ဖို့တော့လိုတယ်။ ကလေးတွေကို ကျောင်းရောက်မှ မုန့်ဝယ်စားဆိုပြီး ပိုက်ဆံပဲထည့်ပေး လိုက်တာမျိုးတွေကိုလည်း တက်နိုင်သမျှ မိဘတွေအနေနဲ့ မပြုလုပ်သင့်ပါဘူး"ဟု လှိုင်သာယာမြို့နယ်မှ ကလေးမိဘတစ်ဦးက ပြောသည်။

မှိုတက်နေသော မုန့်များ၊ အချဉ်ပေါက်နေသော မုန့်များတွင် လူကို ဒုက္ခပေးနိုင်သည့် ဘက်တီးရီး ယား များ ပေါက်ဖွားနေသောကြောင့် စားသုံးမိပါက အစာအဆိပ်သင့်မှု၊ အစာအိမ် အချဉ်ပေါက်မှု၊ မူးဝေအော့အန် မှုနှင့် နောက်ဆက်တွဲရောဂါများ ခံစားလာ ရပါက ဆေးရုံတက်ရောက် ကုသမှုအထိ ဖြစ်ပေါ်နိုင်ကြောင်းနှင့် အစာအချဉ်၊အစပ်များအားရေရှည်စားသုံးမိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၆ ရာခိုင်နှုန်းအထိရှိကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက သုံးသပ်သည်။

''လူတစ်ယောက်ဟာ ကျန်းမာရေးက အဓိကပါပဲ ကလေးငယ်မှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အချဉ်အစပ်တွေ ရေရှည် စားသုံးမိမယ်ဆိုရင် အစာအိမ်ကင်ဆာရောဂါဖြစ်ဖို့ အခြားအစား အသောက် ထက် ကို ၆%လောက် ရှိတယ်။" ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပေါင်း(၄၀)ကျော်၌ ကျန်းမာရေးပညာပေးဟောပြောပွဲများ ပြုလုပ်သွား မည်ဖြစ်ပြီး အောက်တို ဘာလ ဒုတိယပတ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ စတင်မည်ဖြစ်သည်။
 
From- Infinity Power


No comments:

Post a Comment