Monday, October 22, 2012

ပါကစ္စတန်တွင် သတင်းမီဒီယာများကို တာလီဘန်များ ခြိမ်းခြောက်လျက်ရှိ

အစ္စလမ္မာဘတ်၊ အောက်တိုဘာ ၁၉
ပါကစ္စတန် အမျိုးသမီးများအခွင့်အရေးလှုပ်ရှားသူ မိန်းမငယ်အား တာလီဘန်များ ပစ်ခတ်ခဲ့မှုကို ဝေဖန်ရေးသားခဲ့သော သတင်းမီဒီယာများအား လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တာလီဘန်များက ခြိမ်းခြောက်ပြောကြားလိုက်သည်။

အမျိုးသမီးများ ပညာသင်ကြားခွင့်ပိုမိုရရှိရေး ဦးဆောင်လှုပ်ရှားနေသော မာလာလာ ယိုဆာ့ဖ်ဇိုင်း၏ အပြုအမူများသည် ဘာသာရေးကျင့်ဝတ်များကို ဖောက်ဖျက်သဖြင့် ပစ်ခတ်သုတ်သင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်များက ထုတ်ပြန်ပြောကြားထားသည်။ ထိုပစ်ခတ်မှုကို ဝေဖန်ရေးသားခဲ့ကြသော သတင်းမီဒီယာများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ပါကစ္စတန် တာလီဘန်အဖွဲ့ TTP ခေါင်းဆောင် ဟာကီမူလာ မာဆာ့ဒ်က ခြိမ်းခြောက်ပြောကြားထားသည်။ ထိုခြိမ်းခြောက်မှုသည် ပါကစ္စတန် သတင်းမီဒီယာများ လွတ်လပ်စွာ ထုတ်ဖော်ရေးသားသည့် အလေ့အထကို ကြီးမားစွာ ခြိမ်းခြောက်နှောင့်ယှက်ခြင်းဖြစ်ကြောင်း ပါကစ္စတန် သတင်းစာများ အစည်းအရုံး (APNS) က ထုတ်ပြန်လိုက်သည်။ တာလီဘန်သည် ပြည်သူများ၏ ခံစားချက်အသံများကို ပြင်ပကမ္ဘာက မကြားမသိနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေကြောင်း APNS က ပြောကြားလိုက်သည်။
သတင်းသမားများအား ပစ်မှတ်ထား တိုက်ခိုက်သွားရန် TTP ခေါင်းဆောင်က လာဟိုး၊ ကရာချိ၊ ရာဝယ်ပင်ဒီနှင့် မြို့တော် အစ္စလမ္မာဘတ်တို့ရှိ တာလီဘန်အဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်း ပါကစ္စတန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သတိပေးထားသည်။ မိန်းကလေးငယ်အား တာလီဘန်က ပစ်ခတ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့သော ပါကစ္စတန် သတင်းစာဆရာများ အစည်းအရုံးအဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များအနေဖြင့်လည်း လုံခြုံရေး သတိထားကြဖို့ ပါကစ္စတန်အစိုးရက သတိပေးချက်ထုတ်ထားသည်။
TTP က မီဒီယာများအား ခြိမ်းခြောက်မှုကို အစိုးရက အထူးအလေးပေး ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ သတင်းမီဒီယာသမားများအား အကာအကွယ်များ ပေးသွားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာထားသည်။
From-Messanger

No comments:

Post a Comment