Tuesday, October 2, 2012

ဒုတိယအကြိမ် နိုင်ငံတကာ ICT ပြပွဲ တွင် အဆင့်မြင့် နည်းပညာ ကုမ္ပဏီများ အဓိက ပါဝင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံတကာ နည်းပညာ ကုမ္မဏီများ အဓိက ပါဝင် ပြသကြမည့် ဒုတိယ အကြိမ် နိုင်ငံတကာ နည်းပညာပြပွဲ ကို အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဦဝိစာရလမ်းရှိ တပ်မတော် ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း (MCIA) မှ မီဒီယာ တာဝန်ခံ ဦးဇော်လင်း က ပြောကြားခဲ့သည်။

အဆိုပါ ပြပွဲတွင် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီများ ကအဓိကထား ဝင်ရောက်ပြသ ရန် ဖိတ်ကြားထားပြီး အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ အစ္စရေးနှင့် စင်္ကာပူ အစရှိသော နိုင်ငံများ ပါဝင်မည် ဟုလည်း အဆိုပါပွဲနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်း မှ တာဝန်ရှိသူများက ပြောကြားသည် ။

အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၂၁ ခန်း ပါဝင် ပြသမည်ဟု သိရှိရပြီး ကုန်ပစ္စည်းများ ထက် အဆင့်မြင့် နည်းပညာပိုင်းကို ဦးစားပေး ပြသသွားမည် ဟုလည်း ၄င်းတို့က ပြောကြားခဲ့ပြီး ပြည်တွင်း ပြည်ပ ဧည့်သည် သုံးသောင်းခွဲခန့် တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်းလည်း သိရှိရသည် ။

ထို့အပြင် အဆိုပါပြပွဲ ကျင်းပနေစဉ် အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီ မှ ၁၂ နာရီ အတွင်း တွင် ချက်ထရီယံ ဟိုတယ်၌ နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် သီးသန့် စီးပွားရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲအတွက် သီးသန့် လွှင့်တင်ထားသော တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည် ။
From-ThevoiceWeekly

No comments:

Post a Comment